ချောင်းသာတွင် ဆင်သတ်၊ အစွယ်ဖြတ်သည်ဟု ယူဆရသူများ ဖမ်းဆီးမိ

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကျေးရွာအုပ်စုအတွင်းရှိ ဥတိုချောင်းဖျားတစ်ဝိုက်တွင် ဆင်ရိုင်းများကို သတ်ဖြတ်ကာ ဆင်စွယ်ခိုးယူနေသည်ဟု ယူဆရသောလူတစ်စုအား သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့သည်။

ယခုလ ၂၀ ရက်က ဒေသခံများ၏ သတင်းပေးမှုအရ ဥတိုချောင်းဖျား၊ သစ်ပုတ်တံခါးတဲစုရှိ တဲတစ်လုံးအား သစ်တောဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့ပါဝင်သော သက်ဆိုင်ရာ ပေါင်းစည်းအဖွဲ့မှ ၀င်ရောက်ရှာဖွေရာ လူလေးဦးနှင့်အတူ ယမ်းထည့်၍ပစ်ရသော တူမီးသေနတ်တစ်လက်၊ သံဖြင့်ပြုလုပ်ထားသော မြားတံနှစ်ချောင်းနှင့် မြားခေါင်းသုံးချောင်း၊ အဆိပ်ရည်ဟုယူဆရသော အရည်များထည့်ထားသောပုလင်းငယ် ၂၄ လုံးနှင့် အရှည်နှစ်ပေ၊ လုံးပတ်ရှစ်လက်မရှိသော ဆင်စွယ်နှစ်ချောင်းတို့ကိုတွေ့ရှိခဲ့သည်။

"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စုံးစမ်းစစ်ဆေးဖမ်းဆီးဖို့အဖွဲ့တွေဖွဲ့ထားပါတယ်။ ဒီအဖွဲ့မှာ သစ်တော၊ ရဲနဲ့ဒေသခံ အာဏာပိုင်တို့ပါဝင်ပါတယ်။ အခုကိစ္စမှာတော့ သေနတ်တွေပါတယ်ဆိုတာ စုံစမ်းသိရှိရတော့ တပ်မတော်ပါ ပါဝင်ပြီးခုလိုဖမ်းဆီးခဲ့တာပါ" ဟု တိုင်းသစ်တော ညွှန်ကြားရေးမှူးက ရှင်းပြသည်။

ဆင်စွယ်ခိုးသည်ဟုယူဆရသူများကို ဖမ်းဆီးစဉ် ဥတိုချောင်းဖျားအနီးတွေ့ရသောခေါင်းဖြတ်ခံထားရသည့် ဆင်သေ

ဆင်စွယ်ဖြတ်ယူသည့် အဖွဲ့သည် ယခုလ ၁၇ ရက်က ဥတိုကျေးရွာအပိုင်၊ ဥတိုချောင်းဖျား၊ အလယ်ချောင်းကွင်းအတွင်း၌ တောဆင်ရိုင်းတစ်ကောင်ကို သတ်ဖြတ်ကာ အစွယ်ဖြတ်ယူခဲ့ကြောင်း အာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဒေသခံရဲအရာရှိတစ်ဦးကပြောသည်။

တဲထဲတွင် ရှာဖွေတွေ့ရှိသည့် ဆင်စွယ်နှစ်ချောင်းမှာ ၎င်းဆင်ထံမှ ဖြတ်ယူထားသော ဆင်စွယ်များဖြစ်သည်ဟု အာဏာပိုင်များက စွပ်စွဲထားသည်။

၎င်းဒေသသည် ရခိုင်ရိုးမနှင့်တစ်ဆက်တည်းဖြစ်ပြီး လွန်ခဲ့သော ရက်သတ္တသုံးပတ်ခန့်က ချောင်းသာတောင်ဘက်ရှိ ငွေဆောင်ဒေသမှ ဆင်ဖြူတစ်ကောင်ကို ဖမ်းဆီးရမိခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဆင်ကောင်ရေ ငါးထောင်ကျော်ခန့်သာရှိတော့ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့များ၏ မကြာသေးမီကပြုစုထားသော သုတေသနပြုစာတမ်းများကဆိုသည်။

"တိရိစ္ဆာန်တွေကသူ့စည်းကမ်းနဲ့သူရှိတယ်။ လူတွေကသာစည်းကမ်းမရှိတာ။ ဆင်နင်းခံရလို့သေတဲ့လူတွေကလည်း ဆင်တွေနေတဲ့နေရာကိုရောက်သွားလို့နင်းခံရတာ။ ဆင်တွေကရွာထဲအထိဝင်လာတာမျိုးဒီနားမှာမကြုံဘူးပါဘူး"ဟု အလယ်ချောင်းကွင်းအနီးနေထိုင်သူ ဦးထွန်းငွေမှ ၎င်းအတွေ့အကြုံကိုပြောပြသည်။      

ဆင်သတ်ပြီး ဆင်စွယ်ခိုးသည်ဟုယူဆရသူများအား ချောင်းသာရဲစခန်းမှ (ပ)၄၂/၁၁ တောရိုင်းတိရစ္ဆာန်၊ သဘာဝအပင်များနှင့် သဘာဝနယ်မြေထိန်းသိမ်းမှုဥပဒေပုဒ်မ ၃၇ ဖြင့်လည်းကောင်း၊ (ပ)၄၃/၁၁ လက်နက်ပုဒ်မ ၁၉(ခ) ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားသည်။

ရရှိသောဆင်စွယ်များကို မည်သည့်ဒေသသို့တန်ဖိုးမည်မျှဖြင့်ရောင်းချသည်နှင့် ကောင်ရေမည်မျှဖမ်းဆီးပြီးခဲ့သည်ကိုမူ အတိအကျမသိရသေးပေ။

နိုဝင်ဘာ  ၂၅ ၊ ၂၀၁၁ (YPI) -
ချောင်းသာတွင် ဆင်သတ်၊ အစွယ်ဖြတ်သည်ဟု ယူဆရသူများ ဖမ်းဆီးမိ ချောင်းသာတွင် ဆင်သတ်၊ အစွယ်ဖြတ်သည်ဟု ယူဆရသူများ ဖမ်းဆီးမိ Reviewed by သစ်ထူးလွင် on 18:53 Rating: 5

3 comments:

သစ္စာ said...

သတင်းတွင် ဖမ်းဆီးရမည့်သောတရားခံတွေရဲ့ အမည်တွေ ဘာဖြစ်လို့မဖေါ်ပြပေးတာလဲ သူတို့ကဘယ်လိုလူမျိုးတွေလဲ အရင်ကဒီလိုပြစ်မှုတွေကျူးလွန်ခဲ့ကြဘူးပါသလား ပြည့်ပြည့်စုံးစုံဖေါ်ပြပေးနှိုင်ရင်သိချင်ပါတယ်ခင်ဗျား ကျေးဇူးတင်ပါတယ်။

Myanmar said...

အားလုံး၇ဲ့အ၇င်းခံအကြောင်းတ၇ားကတော့ ပညာမတတ်ခြင်း ဆင်း၇ဲတွင်းနက်ခြင်း ဘာသာေ၇းကိုင်း၇ှိုင်းမှုအားနည်းခြင်းတွေပါဘဲ။ ဒီအခြေဆိုက်အောင်လုပ်ခဲ့တဲ့ သူတွေ ဘယ်လိုပြန်ပီးပေးဆပ်မလဲစောင့်ကြည့်မယ်။ ။

Thein Sein said...

သြော် သူက ဆင်ပဲသတ်တာပါကွာ။

Powered by Blogger.