အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတည်ထောင်ခွင့် လျှောက်ထားပြီး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်ပြီး တပတ်အကြာတွင် ပါတီတည်ထောင်ခွင့်လျှောက်ထားပြီဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ပါတီတည်ထောင်ခွင့်ကို ယနေ့နံနက် ၁၀နာရီခွဲက နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီတည်ထောင်လိုသူ  ၂၁ ဦးပါ စာရင်းဖြင့် လျှောက်ထားခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီနေ့မနက်ပဲ တည်ထောင်ခွင့် လျှောက်ထားခဲ့ပါပြီ၊ ပါတီ မှတ်ပုံတင်တာက တည်ထောင်ခွင့်ပြုပြီးမှ နောက်တဆင့်မှပါ။ တခြား လိုဂိုကိစ္စတွေက အခုဘာမှ မပါသေးပါဘူး” ဟု ပါတီတည်ထောင်ခွင့် နှင့်ပတ်သက်၍ ရှင်းလင်းပြောပြသည်။

ပါတီတည်ထောင်လိုသူ ၂၁ ဦးစာရင်းတွင် ပြည်နယ်နှင့် တိုင်းများအား ကိုယ်စားပြုသူ ၁၄ ဦးနှင့် ယခင် ဗဟိုအလုပ်မှုဆောင်ဟောင်း ၃ ဦး တိုးချဲ့ အလုပ်အမှုဆောင် ၃ ဦးနှင့် အန်အယ်ဒီလူငယ်မှ ဦးမျိုးညွန့်တို့ စုစုပေါင်း ၂၁ ဦးဖြစ်သည်။
ပါတီတည်ထောင်ခွင့် လျှောက်ထားရန် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့ ယမန်နေ့က နေပြည်တော်သို့ သွားရောက်ခဲ့ပြီး ယနေ့နံနက်တွင် လျှောက်ထားပြီးနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာသည်ဟု သိရသည်။

ဦးသိန်းစိန် အစိုးရက ပါတီ မှတ်ပုံတင်ခြင်း ဥပဒေပါ အပိုဒ် ၃ ပိုဒ်ကို မကြာမီက ပြင်ဆင်ပေးလိုက်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပါတီ မှတ်ပုံပြန်တင်ရန် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဆုံးဖြတ်ပြီးနောက် ယခုကဲ့သို့ ပါတီတည်ထောင်ရန် လျှောက်ထားလိုက်ခြင်းဖြစ်သည်။       ။

နိုဝင်ဘာ ၂၅၊ ၂၀၁၁ (YPI)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတည်ထောင်ခွင့် လျှောက်ထားပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတည်ထောင်ခွင့် လျှောက်ထားပြီး Reviewed by သစ်ထူးလွင် on 18:55 Rating: 5

No comments:

Powered by Blogger.