လယ်ယာမြေ သိမ်းဆည်းခံနေရမှုများ လယ်ယာမြေဥပဒေကြမ်းပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရန် တောင်သူများမျှော်လင့်နေ


ပဲခူးတိုင်းဒေသကြီးတွင်းရှိ လယ်ယာလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
လယ်ယာမြေ အငြင်းပွားမှု၊ တရားဥပဒေကြောင်းအရ မဟုတ်ဘဲ သိမ်းဆည်း ခံနေရမှုများအတွက် လွှတ်တော်တွင် တင်သွင်းခဲ့သည့် လယ်ယာမြေဥပဒေကြမ်းပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရန် တောင်သူများ မျှော်လင့်နေကြောင်း မေးမြန်း သိရှိရသည်။
ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးကွက် အပါအ၀င် အလားအလာကောင်းသည့် မြေနေရာများ ရင်းနှီးမြှုပ်နှံမှုအသစ်များ ၀င်ရောက်လာသောကြောင့် ဈေးနှုန်းများ မြင့်တက်လာချိန်တွင် အခြား တစ်ဖက်တွင်လည်း လယ်ယာမြေများအား အကြောင်းပြချက် အမျိုးမျိုးဖြင့် သိမ်းယူမှုများ ရှိခဲ့သည်။  ဒေသခံ အများစုမှာ လယ်မြေပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ခိုင်မာသော အထောက်အထား ရှိသော်လည်း နိုင်ငံတော်မှသိမ်းယူသည့် သဘောမျိုးဖြင့် သိမ်းယူမှုများကို ကုမ္ပဏီအချို့မှ ပြုလုပ်ခဲ့ကြသည့် သတင်းများလည်း ထွက်နေသည်။
နိုင်ငံတော်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များ မသိရှိဘဲ အောက်ခြေတွင် အင်အားကြီးသူ အနိုင်ယူစတမ်း ဆောင်ရွက်မှုများကြောင့် သိမ်းဆည်းခံထားရသော လယ်မြေများနှင့်လယ်လုပ်ပိုင်ခွင့် ဆုံးရှုံးနေသော တောင်သူ လယ်သမားများအား ဥပဒေကြောင်း အရ အကာအကွယ်ပေးရန် လိုအပ်နေကြောင်း၊ ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၂၃ တွင်မူ နိုင်ငံတော်သည် တောင်သူ လယ်သမားများ၏ (က) အခွင့်ရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြဋ္ဌာန်းဖော်ပြပါရှိထားသည်ကို တွေ့ရသည်။

နိုင်ငံတော်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များ မသိရှိဘဲ အောက်ခြေတွင် အင်အားကြီးသူအနိုင်ယူစတမ်း ဆောင်ရွက်မှုများကြောင့် သိမ်းဆည်းခံထား ရသော လယ်မြေများနှင့် လယ်လုပ်ပိုင်ခွင့် ဆုံးရှုံးနေသော တောင်သူလယ် သမားများအား ဥပဒေကြောင်းအရ အကာအကွယ်ပေးရန်လိုအပ် . . .
“လယ်ယာမြေ အငြင်းပွားမှု ဖြစ်စဉ်တွေအပေါ် ကျွန်တော့်အမြင်ကို ပြောရမယ်ဆို လူဦးရေတိုးလာ တာနဲ့အမျှ မြေကတန်ဖိုးရှိလာတာကိုး။ ဒါကြောင့် လယ်မြေတွေကို မျက်စိကျလာကြတယ်။ ဒီအခါမှာ မြေလွှဲပြောင်းရယူခွင့် ရရှိအောင်နည်းလမ်း အမျိုးမျိုးနဲ့ လုပ်လာကြတဲ့အတွက် အငြင်းပွားမှုတွေက ဖြစ်လာ တယ်။ ဒီလိုအငြင်းပွားမှုကို လယ်သမားက တိုင်တန်းမယ်ဆိုရင် လယ်မြေနဲ့ပတ်သက်ပြီး အဆင့်ဆင့်တင် ပြရမယ်။ အခုဆိုရင် ဒီကိစ္စတွေကို မြို့ရွာ၊ ခရိုင်၊ တိုင်းအဆင့် နောက်ဆုံးသမ္မတအဆင့်ထိအောင် သွားလို့ ရနေပါပြီ။ တစ်ခုရှိတာက ဒီမြေကို ကျွန်တော်တို့လုပ်နေတာ ဘယ်လောက်ကြာပါပြီ။ တစ်နှစ်ကို သီးနှံ အထွက်ကဘယ်လိုပါ။ ပြည့်ပြည့်စုံစုံ တင်ပြဖို့တော့ လိုပါတယ်။ လက်ရှိ အသက်ဝင်နေတဲ့ ဥပဒေတွေအရတော့ လယ်ယာမြေကို နိုင်ငံတော်သမ္မတ ဒါမှမဟုတ်သမ္မတက အခွင့်အာဏာ အပ်နှင်းထားတဲ့သူများကသာ စီမံ နိုင်ခွင့်ရှိပါတယ်။ ဒီစီမံခွင့်ရထားသူတွေဟာလည်း လူတွေရဲ့သဘော တူညီချက်၊ သဘောထားအမှန်တွေ နဲ့သာ လယ်ယာမြေကိုအသွင် ပြောင်းဖော်ဆောင်ခွင့်ရှိတယ်။ လက်ရှိဥပဒေအရ လယ်ယာမြေကို အရောင်းအ၀ယ် လုပ်တယ်။ ဒီကိစ္စနဲ့ တရားရုံးရောက်ပြီဆိုရင် လွှဲပြောင်းဖို့ သဘောတူညီပါတယ်ဆိုတဲ့ လက်မှတ်ဘယ်လောက်ပဲ ထိုးထားထိုးထား အကျုံးမ၀င်ပါဘူး။ ငွေကြေးပေးထားတယ်ဆိုရင်လည်း ငွေရှင် က ကြည်ဖြူလို့ လယ်သမားကို ပေးထားတဲ့အပိုင်းမှာပဲ ရှိနေပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့ တရားရုံးမှာ ဘောင်မ၀င်ပါဘူး” ဟု ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
752b
မြန်မာနိုင်ငံတွင် လယ်ယာမြေ နေရာချထားရေးကို ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများမှအဖွဲ့ ဖွဲ့၍လုပ်ဆောင်ပေးပြီး ယင်းသို့ လယ်မြေနေရာချထားရာတွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားပါက လယ်သမားအနေဖြင့် တိုင်ကြားမှုပြုလုပ်နိုင်ကြောင်း သိရသည်။
ယင်းကဲ့သို့ လယ်ယာမြေများ အားသိမ်းယူမှုကို ဥပဒေကြောင်း အရ အကာအကွယ်ပေးသွားမည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်က ပထမအကြိမ် အမျိုးသားလွှတ်တော်၊ ဒုတိယပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ တွင် ပြောကြားခဲ့သည်။ နိုင်ငံတော် အစိုးရအနေဖြင့် တောင်သူလယ်သမားများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် မည်သည့် လယ်ယာမြေကိုမှ အကြောင်းမဲ့ သိမ်းယူခြင်း၊ အသုံးပြုခြင်း မရှိခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ အကယ်၍ နိုင်ငံတော် ၏ အမျိုးသားရေး ရေရှည်အကျိုးစီးပွားအတွက် နိုင်ငံတော်စီမံကိန်းများ အကောင်အထည်ဖော်ရန်နှင့် ဒေသဖွံ့ဖြိုးရေးနှင့်တည်ဆောက်ရေး လုပ်ငန်းများအတွက် အသုံးပြုရန် လိုအပ်ချက်ရှိနေမှသာ  စဉ်းစားမည် ဟုဆိုသည်။ ယင်းအနေအထားတွင်လည်း တောင်သူလယ်သမားများ လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသည့်မြေ များကို တတ်နိုင်သမျှ မပါဝင်စေဘဲ မြေလွတ်မြေရိုင်းများကိုသာ ဦးစားပေးရွေးချယ်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အတူ အစိုးရသစ် ခေတ်ကာလတွင် ခေတ်စနစ်နှင့် လိုက်လျောညီထွေစွာ တောင်သူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေး ရန်အတွက် ဥပဒေမူကြမ်း အဆင့်ဆင့်အား ရေးဆွဲနေပြီဖြစ်ကြောင်းလည်း နိုင်ငံပိုင်သတင်းစာများတွင် ရေးသားထားသည်ကို တွေ့ရသည်။
တောင်သူ လယ်သမားများ လယ်ယာမြေ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး ၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေကြမ်းကို ပြီးခဲ့သည့်လက ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး အတည်ပြုခဲ့ကြောင်း၊ ထို့အတူအမျိုး သားလွှတ်တော်တွင်လည်း အတည်ပြုနိုင်ရန် သုံးသပ်ဆွေးနွေးနေကြကြောင်း ကြားသိရသည်။ ယင်းဥပဒေကြမ်းမှာ တောင်သူလယ်သမား များ လယ်ယာမြေပိုင်ဆိုင်ခွင့်ရပြီး မိမိတို့လယ်ယာမြေကိုပေါင်နှံ ရောင်း ချခွင့်၊ လက်ပြောင်းလက်လွှဲလုပ်ပိုင် ခွင့်ရနိုင်မည်ဟုဆိုကြသည်။ ထို့အတူ ယင်းဥပဒေကြမ်းတွင် လယ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများနှင့်ပတ်သက်၍ ဖြည့်ဆည်းသင့်သည်များ ရှိနေသေးသည်ဟု လည်း သိရသည်။
တစ်ပြိုင်နက်တည်းမှာပင် လွှတ်တော်ထဲသို့ရောက်လာသော တိုင်စာများထဲ၌လယ်မြေသိမ်းဆည်း ခံနေရသည့်ကိစ္စရပ်များ ဖြစ်ပေါ်နေသောကြောင့် လယ်သမား၏နစ်နာမှုများကို ယခုနှစ် ဒီဇင်ဘာလ မတိုင်ခင် ဖော်ထုတ်ကူညီသွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးက လွှတ်တော်တွင် ကတိပေးထားခဲ့ကြောင်း သိရှိရသည်။
“အခု နောက်ဆုံးတင်သွင်းတဲ့ လယ်လုပ်သူ လုပ်ပိုင်ခွင့်ဆိုတဲ့ ဥပဒေက တစ်ဖက်က ကြည့်ရင် လယ်သမားတွေ အကျိုးကိုကြည့်ပြီး လုပ်ပေးထားတာ မှန်ပေမယ့် နောက်တစ်ဖက်က ကြည့်ရင် ရေရှည်မှာ လယ်သမား တွေဘက်က နစ်နာစရာတွေအများ ကြီးလို့ ထင်မြင်မိပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိုက်ပျိုးရေး ကဏ္ဍအခြေအနေ အတိုင်း သုံးသပ်ကြည့်ရင်ပေါ့။ အခုလယ်သမားတွေက အရင်းအနှီး၊ အလုပ်သမား၊ သွင်းအားစုပြဿနာတွေ၊ တည်ငြိမ်တဲ့ဈေးကွက်မရရှိမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒီအ ခြေအနေမှာ လယ်မြေတွေကို လယ်သမားကပိုင်မယ်။ ပေါင်နှံရောင်းချ ခွင့်ပြုမယ်ဆိုရင် စစချင်းသုံးလေး နှစ်မှာတော့ လယ်သမားတွေအတွက် အဆင်ပြေလိမ့်မယ်။ ပေါင်နှံရောင်း ချခွင့်ပြုလိုက်တာနဲ့ လက်ရှိလုပ် ကိုင်နေတဲ့ လယ်ကွက်ရဲ့အစိတ်အပိုင်းအချို့ကို အရင်းအနှီး ဒါမှမဟုတ် အိမ်အတွက် လိုအပ်နေတဲ့ အသုံးအဆောင်တွေ ဖြည့်တင်းရန်အလို့ငှာ ရောင်းချပေါင်နှံမှုတွေ ရှိလာမယ်။ နောက်တစ်ပိုင်းက အခုလိုတရားဝင် ပေါင်နှံ ရောင်းချ လက်လွှဲပိုင်ဆိုင်ခွင့် မပြုထားတာတောင် တစ်ဖက်လှည့် နဲ့ သိသိသာသာရော၊ မသိလိုက် မသိသာရော ငွေရှင်တွေ၊ စီးပွားရေး သမားတွေလက်ထဲ လယ်မြေတွေ ရောက်သွားတာတွေ ကြားနေရတာ တရားဝင် ပိုင်ဆိုင်ခွင့်ပြုလိုက်မယ် ဆိုရင်အခြေအနေက ဒီထက်ပိုဆိုး သွားနိုင်မလား စဉ်းစားစရာရှိတယ်။ အခုနောက်ပိုင်း မြို့ပြအိမ်ယာတွေ၊ စက်မှုဇုန်တွေလည်း ပိုဖော်ထုတ်လာ ကြတော့ လုပ်ငန်းရှင်တွေဘက်ကလည်း လယ်မြေတွေကို မျက်စိကျ လာကြတယ်။ ဒီလိုမျိုးအခြေအနေ တွေမဖြစ်ရအောင် ရှေးအဆက်ဆက် က လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ဆိုတဲ့ဥပဒေကို ချမှတ်ပြီး ခွင့်ပြုထား ခဲ့တာဟာ အခြေအနေအချိန်အခါနဲ့ အသင့်တော်ဆုံးဖြစ်မယ်လို့ သုံးသပ် မိပါတယ်”ဟု မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ယနေ့အချိန်အထိ လယ်ယာမြေများနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ဥပဒေများနှင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် အချက်အလက်များအရ လယ်သမားများအနေဖြင့် မိမိလုပ်ကိုင်နေ သည့်လယ်မြေကို ပိုင်ဆိုင်ခွင့်မရရှိကြောင်းနှင့် လယ်မြေပေါ်တွင် လုပ်ကိုင်နိုင်သည့် လယ်လုပ်ပိုင်ခွင့်ကို သာရရှိထားကြောင်း သိရသည်။
သို့ဖြစ်၍ စိုက်ပျိုးရေးပညာ ရှင်အချို့မှ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်နှင့် လယ်လုပ်သူလယ်ပိုင်ဆိုင်ခွင့် အစား မိမိစိုက်ပျိုးလုပ်ကိုင်နေသည့် လယ်မြေပေါ်တွင် လယ်သမားစိတ်တိုင်းကျ ဦးစီးလုပ်ကိုင်နိုင်သည့် လယ်လုပ်သူ လယ်ဦးစီးလုပ်ပိုင်ခွင့်ကို ချမှတ် ပေးသင့်ကြောင့် အကြံပြုပြောကြားခဲ့သည်။
“တောင်သူ လယ်သမားတွေ ကို မိမိစိုက်ပျိုး လုပ်ကိုင်နေတဲ့ မြေပေါ်မှာ စိတ်တိုင်းကျ လုပ်ကိုင်နိုင်တဲ့ အခြေအနေတစ်ရပ်ကိုတော့ ချမှတ် ပေးထားသင့်တယ်လို့ ထင်တယ်။ လယ်ပိုင်ခွင့်ကို ပြောတာမဟုတ်ဘူး။ လယ်ကို ဦးစီးလုပ်ပိုင်ခွင့်ပါ။ ဆိုလို တာက အခု လုပ်ကိုင်နေတဲ့လယ်ကို သူမလုပ်ချင်တော့တာပဲဖြစ်ဖြစ်၊ အရင်းအနှီးမရှိလို့ အရင်းအနှီး ဖော်ချင်တာပဲဖြစ်ဖြစ် တခြားလယ်သမားကို ရောင်းချင်ရင် ရောင်းပိုင်ခွင့်၊ လွှဲပေးချင်ရင် လွှဲပေးခွင့်ကိုပြောတာပါ။ လယ်မလုပ်ချင်တော့တဲ့သူ တွေရှိသလို တစ်ဖက်မှာလည်း လက်ရှိ လုပ်ကိုင်နေတဲ့ လယ်ဧကထက်ပိုပြီး တိုးချဲ့လုပ်ကိုင်ချင်တဲ့ လယ်သမားတွေ ရှိမယ်။ ဒီတော့လယ်မလုပ်ချင်တော့ သူနဲ့ တိုးချဲ့လုပ်ကိုင်ချင်တဲ့သူ နှစ်ဦး နှစ်ဖက် အဆင်ပြေသွားမယ်။ နည်း နည်းပဲ လုပ်ကိုင်နိုင်တဲ့အနေအထား ကနေ အရင်းအနှီးများများ ထည့်ဝင်ပြီး ပိုကောင်းအောင်လုပ်နိုင်တဲ့သူ လက်ထဲကိုရောက်သွားတော့ လယ်မြေအတွက်လည်း အကျိုးရှိတယ်။ နောက်တစ်ချက်က အခုချိန်မှာ လည်း လယ်မြေတွေကို မသိလိုက်၊ မသိသာ လက်သိပ်ထိုး ရောင်းချတာ မျိုးတွေရှိနေတဲ့အတွက် ဒီလိုမျိုး တရားဝင်ခွင့်ပြုပေးလိုက်ရင် တောင် သူတွေအတွက် အကျိုးရှိနိုင်မယ်။ ဆိုလိုတာက အခုချိန်မှာ တရားဝင် ခွင့်ပြုထားတာမဟုတ်တော့ တောင် သူလယ်သမားတွေက လယ်မြေပေါက် ဈေးအမှန်မသိတာ၊ တစ်ဖက်ကပြောတဲ့ ဈေးအတိုင်း ရောင်းချလိုက်တာမျိုး တွေရှိတော့ နစ်နာတာမျိုးတွေ ရှိတယ်။ တရားဝင်ခွင့်ပြုပေးလိုက်ရင် ဒီလို ဖြစ်စဉ်တွေလည်း ကင်းသွားမယ်။ ဒီအတွက်လယ်သမားတွေကို မိမိတို့ လုပ်ကိုင်နေတဲ့ လယ်ယာမြေနဲ့ပတ် သက်ပြီးပေါင်နှံခွင့်၊ ရောင်းချခွင့်တွေ ကို ဘောင်တစ်ခုထဲကနေ ခွင့်ပြုပေးသင့်ပါတယ်။ လယ်မြေတွေကို အသွင်ပြောင်းဖော်ဆောင်မှု မရှိအောင် ဘောင်တစ်ခု ပြန်ကန့်သတ်ထားရမယ်”ဟု စိုက်ပျိုးရေး စီမံကိန်းဦးစီးဌာန မှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦးက ပြောပြခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်းမှအကြံပေး စိုက်ပျိုးရေးပညာရှင် တစ်ဦးကလည်း “အခု အချိန်မှာ လယ်ယာမြေကို ဥပဒေအရ ပေါင်နှံခွင့်၊ ရောင်းချခွင့် မရှိသေးဘူး။ လွှဲပြောင်းယူတဲ့သူတွေ အနေနဲ့လည်း တရားမ၀င်ဘူး ဆိုပေမယ့် လက်တစ်လုံးခြားလှည့်ဖျားပြီး ယူတာမျိုးတွေရှိတယ်။ ဒီလို အနေ အထားမျိုးမှာ လယ်မြေပိုင်ဆိုင်မှုက မလုံခြုံဘူးဆိုရင် တရားဝင်ရောင်းချ ခွင့်ပေးလိုက်တာက လယ်သမားတွေအတွက် ပိုပြီးကျိုးရှိမှာပါ။ ခုလို စိုက်ပျိုးထွန်ရက်နိုင်တဲ့ လယ်မြေတွေ ကို လယ်ကောလုပ်ပြီး အခြားကဏ္ဍတွေအတွက် အသုံးပြုမယ်ဆိုရင်လည်း တစ်ဖက်က Food Security နဲ့ပတ်သက်ပြီး စဉ်းစားရမယ်။ တကယ်လို့ စိုက်ပျိုးထွန်ရက်နေတဲ့ လယ်မြေကို လယ်ပဲပြန်စိုက်မယ်ဆိုလို့ရှိရင်တော့ ကြိုတင်သတ်မှတ်ချက် တစ်ခုထားပြီး ပေါင်နှံခွင့်၊ ရောင်းချခွင့်ပေးမယ်ဆို ရင် ပိုပြီးအဆင်ပြေသွားနိုင်တယ်။ ဒီလိုမှမဟုတ်ဘဲ ရှိပြီးသား လယ် သမားတွေက လယ်မြေကိုစွန့်ခွာ၊ အခြားတစ်နေရာမှာ အလုပ်သွားလုပ်၊ ဒီလယ်မြေတွေကို အခြားကဏ္ဍအတွက် ပြောင်းလဲအသုံးပြုခြင်းဟာ ရေရှည် မှာ Food Security အတွက်မကောင်းပါဘူး။ ဒါကြောင့် လယ်မြေကိုလယ်လုပ်ဖို့ ပြန်လည်ဝယ်ယူတယ်ဆိုတဲ့ သူမျိုးတွေကိုတော့ ဘောင်တစ်ခုတည်းကနေ ပြီးတော့ ခွင့်ပြုပေးသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
သတင်း---Eleven Media Group


လယ်ယာမြေ သိမ်းဆည်းခံနေရမှုများ လယ်ယာမြေဥပဒေကြမ်းပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရန် တောင်သူများမျှော်လင့်နေ လယ်ယာမြေ သိမ်းဆည်းခံနေရမှုများ လယ်ယာမြေဥပဒေကြမ်းပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရန် တောင်သူများမျှော်လင့်နေ Reviewed by သစ်ထူးလွင် on 13:38 Rating: 5

No comments:

Powered by Blogger.