ကုလဒုက္ခသည်များ ကိုယ်စားလှယ် နဲ့ လူ့အခွင့်ရေးချိုးဖောက်နေတဲ့ ကြံ့ ဖွံ့  ကိုယ်စားလှယ်များဆွေးနွေး

Assistant High Commissioner for
 Protection Ms. Erika Feller 

လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး
လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်သူ့လွှတ်တော်၏ ကော်မတီဥက္ကဋ္ဌများနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ်တို့ နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ရေးရာ အဆောင်အမှတ်(၁)၌ အောက်တိုဘာလ ၂၅ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။  
ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေတို့သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ Assistant High Commissioner for Protection Ms. Erika Feller နှင့် အဖွဲ့နှင့်ယင်းကဲ့သို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံဆွေးနွေးမှုမှာ ၁ နာရီ ၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်ကို တွေ့ရသည်။ ''လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အဓိကအားဖြင့် သူနှစ်ချက် ဆွေးနွေးတယ်။ တစ်ချက်ကတော့ ကျွန်တော်တို့ ဒုက္ခသည်တွေကိစ္စနဲ့ပတ်သက်လို့ ဟိုဖက်မှာ refugee camps တွေရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီဒုက္ခသည်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို ပြန်လာဖို့ကိစ္စမျိုးနဲ့ ပတ်သက်လို့ တစ်ခုပြောတယ်။ နောက်တစ်ခုကတော့ နိုင်ငံမဲ့နိုင်ငံသားတွေ မရှိဖို့ဆိုတဲ့ကိစ္စ ပြောပါတယ်။ ဒါတွေအားလုံးကလည်း ကျွန်တော်တို့လွှတ်တော်မှာ ဆွေးနွေးနေကြတဲ့ကိစ္စဖြစ်တယ်။ နိုင်ငံတော်ကလည်း ဆောင်ရွက်နေတဲ့ကိစ္စဖြစ်တယ်။ အဲဒီတော့ ဒီအပေါ် မူတည်ပြီး ကျွန်တော်ကလည်း ပြန်ရှင်းပြ တယ်။ ဒုက္ခသည်စခန်းတိုင်းမှာ ရှိနေတဲ့သူတွေအားလုံးကတော့ အားလုံးဒုက္ခသည်တွေ မဟုတ်ကြပါဘူး။ သူ့အိမ်ကို သူပြန်လာလို့ရတဲ့သူတွေ ချည်းပါပဲ။ လာမယ်ဆိုရင်လည်းလာပါလို့ အစိုးရက ပြောထားပြီးသားဖြစ်ပါ တယ်။ နောက်နိုင်ငံမဲ့  နိုင်ငံသားဆိုတာကတော့ မရှိသင့်ပါဘူး။ ဒါကြောင့် သေချာအောင်စိစစ်ပြီးတော့မှ ဒါကလည်းလွှတ်တော်မှာလည်း လုပ်နေတယ်။ နိုင်ငံတော်က ၀န်ကြီးဌာနကလည်း လုပ်နေတယ်ဆိုပြီးတော့ အဓိက ကတော့ ဒါပါပဲ'' ဟု ပြည်သူ့လွှတ်တော်နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဌေးဦးက တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ Biweekly Eleven News Journal ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့မှုများနှင့် သဘောတူညီချက် ရရှိမှုများနှင့်ပတ်သက်၍ Biweekly Eleven News Journal ၏ မေးမြန်းမှုကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ Assistant High Commissioner for Protection Ms. Erika Feller  က ''အခု တွေ့ဆုံဆွေးနွေးမှုကတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်မအများကြီးသိခဲ့ရတာကတော့ မြန်မာနိုင်ငံဟာ ဦးတည်ချက် လမ်းကြောင်းအသစ်ကို ရွေ့လျားနေတယ်ဆိုတာ ပါပဲ။ နောက်ပြီး ကျွန်မတို့ အလေးထားဆောင်ရွက်နေတဲ့ ကိစ္စတချို့ကို ဦးတည်ချက်လမ်းကြောင်းအသစ်ဆီ ဆောင်ကြဉ်းနိုင်လိမ့်မယ်လို့ ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ပြည်သူတွေရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံ အရှေ့တောင်ဘက်ရှိ ပဋိပက္ခဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေရဲ့ အခြေအနေဖြစ်ပါတယ်။ ကျွန်မတို့ အဲဒီအကြောင်းတွေ ပြောဆို ဆွေးနွေး ဖြစ်ခဲ့ပါတယ်'' ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ Assistant High Commissioner for Protection Ms. Erika Feller  က ''နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့နဲ့လည်း ဒီမနက်က ကျွန်မ တွေ့ဆုံခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ အရေးပါအဓိကကျတဲ့ သဘောတူညီချက်တွေ ရရှိဖို့ မမျှော်လင့် မဆောင်ရွက်ပါဘူး။ ကျွန်မတို့ မျော်လင့်ရရှိဖို့ကတော့ ကျွန်မတို့လုပ်ဆောင်နေကျ အစီအစဉ်တွေ ဒီထက်ပိုမို ဆောင်ရွက်သွားနိုင်ဖို့ပါပဲ။ ဒါထက် ရလာတဲ့ ရလဒ်တွေနဲ့ပတ်သက်လို့ ကျေနပ်အားရပါတယ်'' ဟု ဆက်လက်ပြောကြားခဲ့သည်။           
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ Assistant High Commissioner for Protection Ms. Erika Feller နှင့်အဖွဲ့သည် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဆောင်ရွက်နေ သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကဲဖြတ်ရန်နှင့် ထပ်မံလိုအပ်သည့် အကူအညီများနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ရန် မြန်မာနိုင်ငံသို့ အောက်တို ဘာလ ၂၄ ရက် နေ့မှ ၂၉ ရက်အထိ လာရောက်ခြင်းဖြစ်သည်။
သတင်း----Eleven Media Group
ကုလဒုက္ခသည်များ ကိုယ်စားလှယ် နဲ့ လူ့အခွင့်ရေးချိုးဖောက်နေတဲ့ ကြံ့ ဖွံ့  ကိုယ်စားလှယ်များဆွေးနွေး ကုလဒုက္ခသည်များ ကိုယ်စားလှယ် နဲ့ လူ့အခွင့်ရေးချိုးဖောက်နေတဲ့ ကြံ့ ဖွံ့  ကိုယ်စားလှယ်များဆွေးနွေး Reviewed by သစ်ထူးလွင် on 13:33 Rating: 5

No comments:

Powered by Blogger.