ဂန့်ဂေါ ၊ ဇွန် ၃၀ ၊ ၂၀၂၂။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းနယ်မြေရဲစခန်းအား ဇွန်လ ၂၉ ရက်နေ့က PDF ၂ ဖွဲ့ပူးပေါင်းပြီးစခန်းသိမ်းတိုက်ပွဲသွားလုပ်တာမှာ စခန်းထဲက အရာရှိအဆင့်ရှိ ၁ ဦးနဲ့ အခြားအဆင့် ၇ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က နံနက် ၄ နာရီလောက်မှာ ပကဖ နဲ့ PDF GanGaw ခရိုင်တပ်ရင်း ၁ တို့ဟာ တောင်ခင်ရန်းနယ်မြေရဲစခန်းကို ချဉ်းကပ်တိုက်ခိုက် ခဲ့တာပါ။
"ဂန့်ဂေါမြို့ တောင်ခရန်းနယ်မြေရဲစခန်းကို စခန်းသိမ်းဖို့ စခန်းနားကိုကပ်ပြီးသွားရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ကြတယ်၊ အဲဒီစခန်းထဲမှာက အင်အား ၂၀ လောက်ပဲရှိတာပါ၊ စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်လို့ တောင်ခရန်းရွာထဲက နွား ၂ ကောင်သေတယ်၊ အခုပျူစောထီးတွေရဲ့ အတွင်းသတင်းပေးပြောတာက ၈ ကောင်သေတယ်၊ အရာရှိအပိုင်းထဲကလဲပါတယ်လို့ပြောတယ်၊ စခန်းထဲမှာတော့အကုန်လုံး စုပ်ပြတ်သပ်သွားတယ်၊" လို့ PDF GanGaw တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။
တိုက်ပွဲကြာမြင့်ချိန်ဟာ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး PDF GanGaw တပ်ရင်း ၁ ရဲဘော် ၁ ယောက်နောက်တန်းဆုတ်ချိန် ပေါင်ကို ကျည်ဆံပွတ်ထိ ဒဏ်ရာရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သူ ကဆက်ပြောပါတယ်။
ယနေ့ညနေပိုင်း ၄ နာရီ ၃၀ မိနစ်မှာ စစ်တပ်က စစ်ဘေးရှောင်တွေနေတဲ့နေရာကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်နေခတ်နေပြီး အင်အား ၁၀၀ ခန့်လောက်ရှိတဲ့စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment