ဗုံးကြဲခံရပြီးနောက် ထောင်နဲ့ချီရှိတဲ့ ဖရူဆိုစစ်ရှောင်ပြည်သူတွေ တောထဲတောင်ထဲထွက်ပြေးနေရ


January 19, 2022

ကရင်နီပြည် ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ရီခီးဘူး စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အခုဆိုရင် ဖရူဆိုမြို့ပေါ်က ထောင်နဲ့ချီရှိတဲ့ စစ်ရှောင်ပြည်သူတွေ တောထဲတောင်ထဲ တစ်ကွဲတစ်ပြားထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရီခီးဘူးစစ်ရှောင်စခန်းအပါအဝင် နီးနားဝန်းကျင်က စစ်ရှောင်ပြည်သူတွေအပါအဝင် ကျေးရွာသူရွာသားတွေ ထောင်နဲ့ချီပြီး လုံခြုံမှုမရှိတော့ဘဲ တောထဲက ဂူတွေ၊ တောင်ခြေရင်းတွေမှာ တဲထိုးပြီးနေကြတာရှိသလို တချို့ကလည်း မပြေးတော့ဘဲ ရွာမှာဘဲ နေကြတယ်လို့ ဖရူဆိုစစ်ရှောင်ဒေသခံအမျိုးသမီးက ပြောပါတယ်။

“နောက်ဆုံးမြေအောက်တိုက်ခိုက်တဲ့ ဘေးအန္တာရာယ်တော့ လုံခြုံပေမယ့်လည်း အပေါ်ကလာတဲ့အန္တာရာယ်ကပိုများတယ်ပေါ့နော။ ပိုများခါကျတော့ ကျမတို့အတွက်ဘယ်လိုမှ လုံခြုံလွတ်လပ်ခွင့်မရတော့ဘူးပေါ့နော။ ဘယ်လိုပဲပြေးပြေး ဘယ်လိုပဲရှောင်ရှောင် အကုန်လုံးအန္တာရာယ်နဲ့မကင်းတော့ဘူးဆိုပြီးတော့ ကျမတို့ ကြုံတဲ့နေရာမှာပဲ ကိုယ့်ဟာကိုယ် ကံတရားနဲ့ပဲနေလိုက်တော့မယ်ဆိုပြီးတော့ ရွာမှာပဲနေလိုက်တယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁နာရီဝန်းကျင်က ရီခီးဘူးစခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ အသက်(၁၂)နှစ်အရွယ် မခိုင်၊ အသက် (၁၅)နှစ်အရွယ် မချောစု တို့ညီအစ်မနှစ်ယောက်နဲ့ အသက် (၅၂)နှစ်အရွယ် ဦးအန်ဒြေယာတို့ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။

သူတို့အားလုံးဟာ မိုဆိုကျေးရွာက စစ်ရှောင်ပြည်သူတွေဖြစ်ကြပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာ မိုဆိုကျေးရွာက စစ်ရှောင်ဦးရေ ၂၀၀ ခန့်နေထိုင်တာဖြစ်ပြီး ၃ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့အတွက် မနက်မိုးလင်းတဲ့အချိန်မှာ စစ်ရှောင်တွေက မနေရဲကြတော့ဘဲ ခြေဦးတည်ရာကို စစ်ရှောင်နေကြရလို့ အခက်အခဲတွေကြုံတွေ့နေရပါတယ်။

“ကလေးငယ်တွေတအားဒုက္ခရောက်တယ် နှင်းရည်တွေကျတယ် အမိုးအကာတွေမရှိခါကျတော့ အဝတ်အထည်ထူထူနွေးနွေးဟာလည်းမရှိဘူးလေ။ သူများကလေးတွေ အဖျားတက် ငိုကြ နောက်ပြီးတော့ စောင်တွေလည်းမလုံမလောက်ဘူး။ တချို့ဆိုဖိနပ်လည်းမစီးရတော့ဘူး ဖိနပ်တွေလည်းမရှိဘူး ရှာဝယ်လို့လည်းမရှိဘူး ဒီဖက်ခါကျတော့ လိုအပ်တာအများကြီးရှိတယ်။” လို့ စစ်ရှောင်တစ်ဦးက ဆက်ပြောပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း စစ်ပွဲမဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ကိုလည်း စစ်ကောင်စီတပ်ကနေ ဗုံကျဲခံရလို့ ပရဟိတလူငယ် ၃ ဦး ထိခိုက်သေဆုံးမှုလည်းရှိခဲ့ပါတယ်။

အခုလို ဇန်နဝါရီလအစောပိုင်းကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လေကြောင်းသုံးပြီးတိုက်ခိုက်တာတွေ လုပ်လာတဲ့အတွက် လွိုင်ကော်မြို့ပေါ်က ပြည်သူလူထုသောင်းဂဏန်းလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် တစ်ပြည်နယ်လုံး စစ်ရှောင်ဦးရေ တစ်သိန်းခုနှစ်သောင်းထိရှိနေပါပြီ။

လေကြောင်းတိုက်ခိုက်မှုတွေက လူထုအသက်အန္တာရာယ်ကိုများစွာစိုးရိမ်ရတဲ့အတွက် အရေးပေါ်ကာကွယ်ရေးလုပ်ငန်းတွေ ကြိုတင်ပြင်ဆင်ထားကြဖို့လည်း ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) က ဇန်နဝါရီလ ၁၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အပြစ်မဲ့ပြည်သူလူထုအပေါ် ဗုံးကြဲတိုက်ခိုက်ခြင်းဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေတာဖြစ်တာကြောင့် တရားမျှတမှုရှိအောင် အရေးယူဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ကရင်နီအတိုင်ပင်ခံကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“အခုလိုမျိုး အပြစ်မဲ့ပြည်သူလူထုတွေအပေါ်မှာ ဗုံးကြဲတိုက်ခိုက်တာက ရည်ရွယ်ချက်ရှိရှိနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေတာဖြစ်တယ်။ ဆိုတော့ တော်ရုံတန်ရုံလူသားမျိုးနွယ်စုဆိုင်ရာ ရာဇဝတ်မှုကို ချိုးဖောက်တာထက် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေပြီလို့ ကျနော်တို့က အဲ့သလိုမြင်တယ်။ ဒါကြောင့်မလို့ ဒီအရေးနဲ့ပတ်သက်ပြီးတော့မှ ကျနော်တို့ တရားမျှတမှုရှိအောင် အရေးယူဆောင်ရွက်နိုင်အောင် ကျနော်တို့လုပ်သွားဖို့ရှိတယ်။ ဒါကိုလည်း နိုင်ငံတကာကနေပြီးတော့မှ နိုင်ငံတကာနဲ့ကျနော်တို့ပြည်သူတစ်ရပ်လုံးက ဒါကိုတော့ လျစ်လျူမရှုထားသင့်ဘူးပေါ့နော။ ဝိုင်းဝန်းပြီးတော့မှ ကျနော်တို့ပြုဖို့ စစ်ကောင်စီကို အရေးယူဆောင်ရွက်နိုင်တဲ့အထိ ဝိုင်းဝန်းကြိုးပမ်းကြဖို့ ကျနော့်အနေနဲ့ လိုအပ်တယ်လို့အဲ့လိုပဲ မှတ်ချက်ပေးချင်ပါတယ်။”

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုက အရပ်သားပြည်သူရှိရာ စစ်ရှောင်စခန်းတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် အရပ်သားသေဆုံးမှုကိုဖြစ်စေခဲ့တဲ့ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု၊ စစ်ရှောင်ရှိရာ၊ ဘာသာရေးအအောက်အဦး၊ ကျောင်း၊ ဆေးရုံ စတာတွေ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် စစ်ရာဇဝတ်မှု နဲ့ လူသားချင်စာနာထောက်ထားမှုဆိုင်ရာကို ချိုးဖောက်ရာရောက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောဆိုပါတယ်။

“မြန်မာနိုင်ငံကို အခုကစစ်ကောင်စီက လူသားမျိုးနွယ်စုအပေါ်ဖြစ်စေ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စေ စစ်ရာဇဝတ်မှုဖြစ်စေ ဆက်တိုက်ကျူးလွန်နေတယ် ကျူးလည်းကျူးလွန်ခဲ့ပြီးပြီ။ အဲ့ဒီအတွက်ကြောင့်မလို့ဒီ တစ်ခေါက်ဖြစ်မှုဟာလည်း ခုနပြောသလို အရမ်းကိုဆိုးဝါးတယ်လို့ ပြောလို့ရသလို ပြစ်မှုဟာလည်း ရည်ရွယ်ချက်ရှိရှိနဲ့သတ်ဖြတ်တဲ့ ဒုတိယအကြိမ်မြောက် ဖရူဆိုဖြစ်ပွားခဲ့တဲ့အတွက်ကြောင့်မလို့ ဒါက ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ကို ဆက်တိုက်ကျူးလွန်နေတယ်ဆိုတာ ပြောလိုပါတယ်။”

ကရင်နီပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ မြေပြင်ကင်းထောက်တာ၊ သယ်ယူပို့ဆောင်တာတွေ နေ့စဉ်အသုံးပြုလျက်ရှိနေပြီး တိုက်ပွဲလည်း နေ့စဉ်ဖြစ်ပွားလျက်ရှိနေပါတယ်။


Kantarawaddy Times

ဗုံးကြဲခံရပြီးနောက် ထောင်နဲ့ချီရှိတဲ့ ဖရူဆိုစစ်ရှောင်ပြည်သူတွေ တောထဲတောင်ထဲထွက်ပြေးနေရ ဗုံးကြဲခံရပြီးနောက် ထောင်နဲ့ချီရှိတဲ့ ဖရူဆိုစစ်ရှောင်ပြည်သူတွေ တောထဲတောင်ထဲထွက်ပြေးနေရ Reviewed by THITHTOOLWIN on 19:34 Rating: 5

No comments:

Powered by Blogger.