မန္တလေးမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တချို့ကို စစ်ကောင်စီက ကားနဲ့ဝင်တိုက်ပြီး ပစ်ခတ်ဖမ်းဆီး၊တစ်ဦး ဖမ်းဆီးခံရ

မန္တလေးမြို့မှာ ဒီနေ့ ဒီဇင်ဘာလ ၈ ရက် မနက် ၅ နာရီကျော်က လူငယ် ၃ ဦး ဆိုင်ကယ်စီးလာတာကို စစ်ကောင်စီဘက်က ကားနဲ့ဝင်တိုက် ပစ်ခတ်လို့ တစ်ဦးဖမ်းဆီးခံရတယ်လို့ ဒီဖြစ်စဉ်ကို နီးနီးစပ်စပ်သိတဲ့ဒေသခံလူငယ်က ပြောပါတယ်။

"ဆိုင်ကယ်ကို သုံးယောက်စီးလာတာ။ အဲဒါကို နောက်ကလိုက်ပြီး ကားနဲ့တိုက်၊ သေနတ်နဲ့ပစ်ဖမ်းတာ။ ရှေ့နှစ်ယောက်က ထွက်ပြေးတယ်။ တယောက်က မပြေးနိုင်ဘူး။ ဒဏ်ရာလည်းရ၊ ဆိုင်ကယ်လည်းပိသွားလို့ကျန်ခဲ့တာ"လို့ ပစ်ခတ် ဖမ်းဆီးခံခဲ့ရသူလူငယ်တွေရဲ့သူငယ်ချင်းကပြန်ပြောပြပါတယ်။

လူငယ်တွေပစ်ခတ်ဖမ်းဆီးခံရတဲ့နေရာဟာ ၆၃x ၃၅လမ်းကြားမှာဖြစ်တာကြောင့် အဲ့ဒီဝန်းကျင်မှာ ဒီမနက်ပြုလုပ်မယ့် အရုဏ်သပိတ်ကိုလည်း ရုပ်သိမ်းလိုက်တယ်လို့ သပိတ်မှာပါဝင်သူတစ်ဦးကဆိုပါတယ်။

သပိတ်ပြုလုပ်တာနဲ့ပတ်သက်ပြီး မနေ့ည ဒီဇင်ဘာလ ၇ ၆နာရီက ပြုလုပ်ခဲ့တဲ့ စိန်ပန်းညသပိတ်ကို အကြောင်းပြုကာ စစ်ကောင်စီက ဒေသခံ အမျိုးသမီး ၄ ဦးအပါဝင် ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၇ရက်ည ၁၀နာရီခွဲလောက်မှာ အချုပ်ကား နှစ်စီး၊ အိမ်စီးကား ၆စီးနဲ့ ညသပိတ်ဓာတ်ပုံထဲက လူတွေအပါအဝင် ဒေသခံတချို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

"လမ်းသွားလမ်းလာ ဓာတ်ပုံထဲပါသွားသူက နှစ်ယောက်ရှိတယ်။ ကျန်တဲ့သူတွေကို အိမ်တွေ ဧည့်စာရင်းစစ်မယ် ဆိုပြီး တက်ခေါ်သွားတာပဲ။ ဘာမှမလုပ် ဘာမှမဖြစ်ဘူးဆိုပြီး အကုန်ခေါ်သွားတာ"လို့ စိန်ပန်းဒေသခံတစ်ဦးက ပြောပါတယ်။

စိန်ပန်းညသပိတ်ကို မဟာအောင်မြေမြို့နယ် သံနောက်ဖက် ၉၁ x၄၂ လမ်းဝန်းကျင်မှာ ပြုလုပ်တာဖြစ်ပြီး ည ၈နာရီမှသာ သပိတ်ဓာတ်ပုံတွေ တင်ခဲ့တာဖြစ်ပါတယ်။

သပိတ်ပြုလုပ်ခဲ့တဲ့ နေရာအနီးဝန်းကျင်ကို နာရီပိုင်းအတွင်း ရဲနဲ့အရပ်ဝတ်တွေ ရောက်လာပြီးမှ စစ်ကားတွေ ရောက်လာပါတယ်။

နေအိမ်တွေဝင်ရောက် စစ်ဆေးကာ လူတချို့ကို ဆဲဆို ရိုက်နှက် လက်ထိတ်ခတ်ဖမ်းဆီးပြီး အမှတ် ၇ နယ်မြေရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။

ဖမ်းဆီးခံရသူတွေကို ဒီဇင်ဘာ ၈ရက် နေ့ခင်း အချိန်ထိ ပြန်လည်လွှတ်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

BBC Burmese


မန္တလေးမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တချို့ကို စစ်ကောင်စီက ကားနဲ့ဝင်တိုက်ပြီး ပစ်ခတ်ဖမ်းဆီး၊တစ်ဦး ဖမ်းဆီးခံရ မန္တလေးမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တချို့ကို စစ်ကောင်စီက ကားနဲ့ဝင်တိုက်ပြီး ပစ်ခတ်ဖမ်းဆီး၊တစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 06:32 Rating: 5

No comments:

Powered by Blogger.