ထီးချိုင့်တွင် စကစ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ တစ်စီး မီးရှို့ဖျက်ဆီး


MFP ၊ ဒီဇင်ဘာ - ၄

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်လာသည့် စစ်ကောင်စီ ရိက္ခာတင်ယာဉ်တန်းကို ယနေ့ ဒီဇင်ဘာ (၄)ရက်တွင် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF က နေရာခုနှစ်နေရာတွင် မိုင်း(၁၄)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ ရိက္ခာတင်ယာဉ်တန်းကို ထီးချိုင့် HPDF က ရှေ့ထွက်မိုင်း (၁၄)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ပျက်စီးမှု ရှိသလို စစ်ကောင်စီ၏ ဆီတင်ယာဉ်တစ်စီးကိုမူ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသတွင်း တော်လှန်ရေး အင်အားစုဖြစ်သော Tigyaing Revolution – TR က MFP သို့ ပြောသည်။

"ထိတာတော့ များမယ်။ ခုနှစ်နေရာကို ရှေ့ထွက်မိုင်း တနေရာ နှစ်လုံးနဲ့ ဆွဲလိုက်တာပါ။ သူတို့ စစ်ရိက္ခာယာဉ်တန်းပါ။ ဆီကားတစ်စီးတော့ ထွက်ပြေးတာ မောင်းပြေးတာ မရလို့ မီးရှို့လိုက်တယ်" ဟု Tigyaing Revolution – TR က MFP သို့ ပြောသည်။

စစ်ကောင်စီ ရိက္ခာတင်ယာဉ်တန်းသည် (၁၀)စီးကျော်ရှိပြီး မိုင်းဆွဲတိုက်ခိုက်ခံရသော်လည်း ပြန်လည်ခုခံ ပစ်ခတ်နိုင်ခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားသည်ဟု Tigyaing Revolution – TR က ဆိုသည်။

ဒီဇင်ဘာ(၂)ရက် ညနေပိုင်းကလည်း ထီးချိုင့်မြို့နယ် အလယ်တောရွာနှင့် ဆားတွင်းရွာကြားတွင် စစ်ကောင်စီ လက်နက်ကိုင်များကို ထီးချိုင့် HPDF က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်ဟု ဆိုသည်။

ထီးချိုင့်မြို့နယ်သည် မန္တလေး - ဗန်းမော် လမ်းပေါ်တွင် တည်ရှိပြီး အဆိုပါ လမ်းအတိုင်း မောင်းနှင်သည့် စစ်ကောင်စီ လက်နက်ကိုင်များ မကြာခဏ မိုင်းဆွဲခံနေရကာ စစ်အုပ်စုကလည်း ထီးချိုင့်နယ်အတွင်း ဒေသခံများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်။

Mandalay Free Press - MFP



ထီးချိုင့်တွင် စကစ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ တစ်စီး မီးရှို့ဖျက်ဆီး ထီးချိုင့်တွင် စကစ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ တစ်စီး မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 08:56 Rating: 5

No comments:

Powered by Blogger.