မွန်ပြည်နယ်၊ ရေးမြို့ ပစ်ခတ်မှုအတွင်း သေဆုံး၊ ဒဏ်ရာရသူတွေရှိ

 
မွန်ပြည်နယ် ရေးမြို့နယ်ကျောင်းရွာ ပစ်ခတ်မှုအတွင်းထိခိုက်ဒဏ်ရာရသူများ။ (ဓါတ်ပုံ ကျောင်းရွာသား/ ၁၂။၀၉ ။၂၀၂၁)

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ ကနေ ကျောင်းရွာရဲကင်းစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးကို ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက ဝင်ရောက်ပစ်ခတ်ရာမှာ ရဲတဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး တယောက်က ဆေးရုံမှာ သေဆုံးသွားပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်တွေ ရှင်းလင်းရေးလုပ်စဉ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျေးရွာသား နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မွန်ပြည်နယ်ဘက် က စစ်ရေးအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာမှာ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့ကနေ ရဲစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း ကျောင်းရွာ နယ်မြေရဲကင်းမှူး ဒုရဲအုပ်တဦး၊ ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်တဦး၊ ပြည်သူ့စစ်အဖွဲ့ဝင်တဦး၊ အငြိမ်းစား စစ်မှုထမ်းဟောင်းတဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ အငြိမ်းစားစစ် မှုထမ်းဟောင်းကတော့ မော်လမြိုင်ဆေးရုံကိုပို့ခဲ့ရပြီး ဆုံးပါးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ကျေးရွာသားတဦးက အခုလိုပြောပါတယ်။

“မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့ပေါ့။ ညနေ (၅) နာရီခွဲ အမည်မသိလက်နက်ကိုင် အဖွဲ့ပေါ့။ ဆိုင်ကယ်(၄) စီးလာပြီးတော့ ပထမရဲစခန်းကို အရင်ပစ်တယ်။ နောက် ဒုတိယကတော့ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ပစ်တယ်။ ပြီးတော့မှ သူက လိပ်ပုတ် ဘက်ကို ပြန်လည်ထွက်သွားတာပေါ့နော်။ ရဲစခန်းကိုပစ်ခတ်မှုမှာ တယောက်ကတော့ ဒဏ်ရာထိသွားတာပေါ့နော်။ ရဲကတော့ဘာမှမဖြစ်ဘူး။ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်(၃) ယောက်လောက်ဒဏ်ရာရသွားတာပေါ့နော်။ တယောက်က ဒဏ်ရာ ပြင်းထန်ပြီးတော့ ဆေးရုံမှာပဲဆုံးသွားတယ်။ ပစ်တာလည်း အော်တိုသေနတ်တွေပေါ့။ ဥပမာ M-16 တို့လိုမျိုးပေါ့။ အဲဒီမှာ M-16 ကျည်ဘောက် တဘောက် ကျန်ခဲ့တာပေါ့နော်။’’

ဒီပစ်ခတ်မှုတွေဖြစ်ပြီးနောက်ပစ်ခတ်တဲ့အဖွဲ့နောက်ကို စစ်တပ်ကနေ လိုက်လံရှင်းလင်းရာမှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ကျောင်းရွာရဲ့ မြောက်ဘက်မှာရှိတဲ့ မုနိတောင်ပေါ်ကဘုန်းကြီးကျောင်းကို ကျရောက်ခဲ့တဲ့အတွက် အရပ်သား (၂) ဦး ဒဏ်ရာရရှိသွားတယ်လို့ အဆိုပါရွာသားက ဆက်ပြောပါတယ်။

“အဲဒီညမှာပဲ စစ်ကြောင်းတကြောင်းထွက်သွားပြီးတော့ မုနိကျောင်းရွာမှာ လက်နက်ကြီးလှမ်းပစ်ပြီးတော့အဲဒီမှာရှိနေတဲ့ ဒါကာ ဒါကာမ၊ အဲဒီမှာ လက်နက်ကြီးထိမှန်ပြီးတော့ နှစ်ယောက်လောက်ထိသွားတာပေါ့။ အဲဒီမှာဆေးရုံတင်ထား ရတယ်လေ။’’

ကျောင်းရွာနဲ့တမိုင်ခွဲလောက်ဝေးတဲ့ မုနိတောင်ပေါ်ကဘုန်းကြီးကျောင်းမှာ လက်နက်ကြီးကျရာမှာ ကလေးငယ်တဦး ခေါင်းမှာဒဏ်ရာရပြီး အမျိုးသမီးတဦးကတော့ခြေထောက်မှာ ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့အတွက် မော်လမြိုင်ဆေးရုံမှာ ဆေးကုသမှု ခံနေရပါတယ်။

ကျောင်းရွာထဲ အရပ်ဝတ်နဲ့ဝင်ရောက်ပစ်ခတ်တဲ့အဖွဲ့ဟာ ဘယ်အဖွဲ့ဆိုတာအတည်မပြုနိုင်သေးပေမဲ့ ကိုင်းတော ကျေးရွာသား နိုင်မွန်ချမ်းကတော့ KNU ကရင်အမျိုးသားအစည်းအရုံးလက်ချက်လို့ မွန်ဘာသာနဲ့ပြောပါတယ်။

“ည (၉) နာရီလောက်မှာ KNU ကကိုင်းတောရွာမှာရှိတယ်လေ။ ကိုင်းတောရွာမှာ သူတို့ နေရာယူထားတော့ ကျောင်းရွာမှာ အေးအေးဆေးဆေး ပစ်ခတ်လို့ရတာပေါ့။’’

KNU ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုမောင်ရွှေကတော့ မနေ့က ပစ်ခတ်မှုအခြေအနေ မသိရသေးဘူးလို့ ပြောပါတယ်။

“သတင်းတော့ကြားတယ်။ အခြေအနေက ဘာကြေးနန်းမှမရောက်လာသေးဘူး။ ဒီတော့အခြေအနေ ကျနော်တို့ ဘာမှမသိရသေးဘူး။’’

မနေ့က ကျောင်းရွာအတွင်းပစ်ခတ်မှုအခြေအနေနဲ့ပက်သက်လို့ အရှေ့တောင်တိုင်း စစ်တပ်ပြောခွင့်ရကို ဆက်သွယ်မေးမြန်းရာမှာ ခရီးလွန်နေလို့ မသိရသေးကြောင်းပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က မွန်ပြည်နယ် သံဖြူဇရပ်-ရေး အဝေးပြေးကားလမ်းမကြီး အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရေးမြို့နယ် ဘေးလမိုင်းကျေးရွာ အနီးအနားတဝိုက်မှာ မြန်မာစစ်တပ်ကနေ ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံ KNU ကရင် အမျိုးသားအစည်းအရုံးရဲ့ လက်နက်ကိုင် KNLA တပ်ရင်း (၁၆) တပ်ဖွဲ့နဲ့ တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း မော်လမြိုင်မြိုကနေ ရဲလုံခြုံရေး အစောင့်အကြပ်နဲ့ ရေးမြို့ကို ငွေသယ်ဆောင်လာတဲ့ မြန်မာ့စီးပွားရေးဘဏ်ကား ၂ စီး ခြုံခိုတိုက်ခိုက်ခံရပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ရေးမြို့နယ်၊ ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်ဘက် မှာ မြန်မာစစ်တပ်နဲ့ ဒေသခံ KNU တပ်၊ PDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ကြိုကြားဖြစ်ပွါးနေပါတယ်။

KNU ကရင် အမျိုးသားအစည်းအရုံးတပ်မဟာ(၅) ဖာပွန်ခရိုင်မှာ မြန်မာစစ်တပ်နဲ့ KNU တို့အကြား တိုက်ပွဲပြင်းထန်နေခဲ့ပြီး တပ်မဟာ (၁) သထုံခရိုင်နဲ့ တပ်မဟာ (၆) ဒူးပလာယာခရိုင်ဘက်မှာတော့ ရံဖန်ရံခါတိုက်ပွဲဖြစ်ပွါးနေပါတယ်။

ရန်နိုင်  / ဗွီအိုအေ ( မြန်မာပိုင်း)
မွန်ပြည်နယ်၊ ရေးမြို့ ပစ်ခတ်မှုအတွင်း သေဆုံး၊ ဒဏ်ရာရသူတွေရှိ မွန်ပြည်နယ်၊ ရေးမြို့ ပစ်ခတ်မှုအတွင်း သေဆုံး၊ ဒဏ်ရာရသူတွေရှိ Reviewed by THITHTOOLWIN on 17:47 Rating: 5

No comments:

Powered by Blogger.