စကစက ဒီပဲယင်းမြို့နယ်ကို ပိုမိုဖိနှိပ် ရွာ (၁၁)ရွာမှ ပြည်သူ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ


 ဒီဇင်ဘာ - ၃ 

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို တွန်းလှန်ရာတွင် ထင်ရှားသည့်မြို့တစ်ခုဖြစ်သည့် ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက ပိုမိုဖိနှိပ်နေကြောင်း သတင်းရရှိသည်။ 

မြို့နယ်၏ အရှေ့ခြမ်း၊ အနောက်ခြမ်း ကျေးရွာများကို ပိုမိုဖိနှိပ်နေခြင်းဖြစ်ပြီး သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးခြင်းများကို လုပ်ဆောင်နေကြောင်း ဒေသခံတို့က ဆိုသည်။ 

ထို့ကြောင့် ညောင်လှ၊ သရက်တော၊ မူးခတွင်း၊ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ ဝဲကြီး၊ နများ၊ ယဉ်ကျေး၊ သစ်တုံ၊ မရကန် စသည့် ကျေးရွာပေါင်း (၁၁)ရွာမှ ဒေသခံပြည်သူ နှစ်သောင်းကျော်မှာ စစ်ဘေးရှောင်အဖြစ် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဒီပဲယင်း PDF ထံမှ သိရသည်။ 

နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ညောင်လှကျေးရွာအနီး၌ မူးဘောင်ပေါ်သို့ စစ်သားများကို ရဟတ်ယာဉ်ဖြင့် ချပေးကာ ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှုများလည်း ရှိခဲ့သည့်အပြင် နောက်တစ်နေ့တွင် ညောင်လှကျေးရွာကို စစ်ကောင်စီက မီးရှို့ခဲ့ကြောင်း ဒီပဲယင်း PDF က ထုတ်ပြန်ထားသည်။ 

ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုတွင် ညောင်လှရွာခံ အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့လည်း နေ့စဉ်လိုလိုပင် ထိတွေ့တိုက်ပွဲများ ရှိပြီး ယနေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒီပဲယင်း PDF ထံမှ သိရသည်။ 


Mandalay Free Press - MFP

စကစက ဒီပဲယင်းမြို့နယ်ကို ပိုမိုဖိနှိပ် ရွာ (၁၁)ရွာမှ ပြည်သူ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ စကစက ဒီပဲယင်းမြို့နယ်ကို ပိုမိုဖိနှိပ် ရွာ (၁၁)ရွာမှ ပြည်သူ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 23:27 Rating: 5

No comments:

Powered by Blogger.