မြန်မာစစ်တပ်နဲ့ ဆက်စပ်သမျှ စီးပွားရေးဆိုရင် ဖေ့စ်ဘုတ်ပေါ်က ဖယ်ရှား


ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်တို့ရဲ့ မိခင်ကုမ္ပဏီ မက်တာ ‘Meta’ က သူတို့ပိုင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ ပေါ်ကနေ မြန်မာအာဏာ အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ကိုယ်စားပြုနေတဲ့ ပေ့ဂျ်စာမျက်နှာတွေ၊ ဂရုပ် အုပ်စုတွေ၊ အကောင့်တွေကို ဖယ်ရှားပါတယ်။

အဓိပ္ပာယ်ကတော့ အာဏာသိမ်း စစ်တပ်ရဲ့ စီးပွားရေး အဖြစ် သိထားသမျှ လုပ်ငန်းတွေကို ဖေ့စ်ဘုတ် အပါအဝင် Meta ကုမ္ပဏီက ပိုင်တဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ ရှိခွင့် မပေးတော့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကိုယ်စားပြုပြီး အမေရိကန်နဲ့ ယူကေရောက် အဖွဲ့တွေက ဖေ့စ်ဘုတ်ကို အမုန်းတရား ဖြန့်ချီခွင့် ပေးခဲ့မှုကြောင့် ဒေါ်လာ ဘီလီယံ ၁၅၀ ရလိုကြောင်း တရားစွဲ လျှောက်ထားမှု ပေါ်ပေါက်လာအပြီး ရက်ပိုင်းမှာပဲ ဖေ့စ်ဘုတ် Meta ဘက်က အခုလို ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

Meta ရဲ့ အာရှပစိဖိတ် မူဝါဒပိုင်း ဆိုင်ရာအကြီးအကဲ ရာဖာအယ် ဖရင်ကယ်ကတော့ ခုလို အရေးယူ ဆောင်ရွက်တာဟာ ရိုဟင်ဂျာအရေး လျော်ကြေးငွေတောင်းတဲ့ အမှုကိစ္စနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ် အပေါ် “ဖေ့စ်ဘုတ် မက်တာ” ဘက်က ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေကို တိုးချဲ့ ဆောင်ရွက်တဲ့ အနေတဲ့ စစ်တပ်ပိုင် စီးပွားရေးတွေ၊ စစ်တပ်နဲ့ ပတ်သက် ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အပေါ်မှာပါ အခုလို ပြုလုပ်ရတာ ဖြစ်တယ်လို့ မစ္စတာ ဖရင်ကယ်က ဆိုပါတယ်။

အဲဒီလို ဆောင်ရွက်နိုင်ဖို့ရာ ဘယ်စီးပွားရေး လုပ်ငန်းတွေက မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်စပ်နေတယ် ဆိုတာကို ဖော်ပြနေတဲ့ သက်သေအထောက်အထားတွေ၊ စာရွက်စာတမ်းတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ထံကနေ ရရှိထားတယ်လို့လည်း မစ္စတာ ဖရင်ကယ်က ထုတ်ဖော် ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ထံကို ဘဏ္ဍာငွေကြေးတွေ မစီးဝင်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တပ်ပိုင် စီးပွားရေးတွေနဲ့ တပ်နဲ့ ပတ်သက် ဆက်စပ်မှု ရှိနေတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ အကြောင်း ဖော်ထုတ် နေတဲ့ Justice for Myanmar အဖွဲ့က Meta ဘက်က အခုလို ဆောင်ရွက်လာတဲ့ အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်၊ မြန်မာ စစ်တပ်က တကျော့ပြန် အာဏာသိမ်းလိုက်တဲ့နောက် ဖေ့စ်ဘုတ်ဟာ သူတို့ရဲ့ ပလက်ဖောင်း ပေါ်မှာ စစ်တပ်ပိုင် စီးပွားရေးတွေ ကြော်ငြာတာကို ပိတ်ပင်နေတာကနေ အခုလို အကောင့်တွေ၊ စာမျက်နှာတွေ၊ ဂရုပ်အုပ်စုတွေ တည်ရှိခွင့် မပေးတော့တဲ့ အထိ တိုးချဲ့ အရေးယူ လာတဲ့ အပေါ် ကြိုဆိုတယ်လို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။

မြန်မာစစ်တပ်က ရှယ်ယာ အများစု ဖြစ်စေ၊ အနည်းစု ဖြစ်စ ပါဝင်နေသမျှ စီးပွားရေး လုပ်ငန်းနဲ့ သက်ဆိုင်တာတွေကို ဖယ်ရှား သွားမှာ ဖြစ်တယ်လို့ Meta ကုမ္ပဏီက ကြေညာထားပါတယ်။

BBC Burmese

မြန်မာစစ်တပ်နဲ့ ဆက်စပ်သမျှ စီးပွားရေးဆိုရင် ဖေ့စ်ဘုတ်ပေါ်က ဖယ်ရှား မြန်မာစစ်တပ်နဲ့ ဆက်စပ်သမျှ စီးပွားရေးဆိုရင် ဖေ့စ်ဘုတ်ပေါ်က ဖယ်ရှား Reviewed by THITHTOOLWIN on 17:56 Rating: 5

No comments:

Powered by Blogger.