လမ်းမတော်မြို့နယ် NLD အမျိုးသမီးလုပ်ငန်းအဖွဲ့မှာပါဝင်သူ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ လမ်းမတော်မြို့နယ်ပါတီအမျိုးသမီးလုပ်ငန်းအဖွဲ့က မခင်မျိုးဆိုသူဟာ ဒီနေ့ ဒီဇင်ဘာလ ၈ ရက်မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဘီဘီစီက သိရှိရပါတယ်။

မခင်မျိုးဟာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ထဲက ၉ ရပ်ကွက်၊ ဇော်ဂျီလမ်းထဲမှာရှိတဲ့ဈေးမှာ ဆန်ရောင်းချဖို့ ဈေးဆိုင်ဖွင့်နေချိန် အိမ်စီးကားနဲ့လာတဲ့သေနတ်သမားရဲ့ပစ်ခတ်တာခံခဲ့ရတာလို့ ဒီဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတွေက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် မခင်မျိုးဟာ လည်ပင်း၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး နောက်ထပ်ဈေးသည် အမျိုးသမီးတစ်ဦးလည်း လွင့်စင်လာတဲ့ကျည်ရှပ်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ မခင်မျိုးရဲ့ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးကိုပို့ထားတယ်လို့ သိရပြီး ခြေသလုံးကို ကျည်ရှပ်ထိမှန် ဒဏ်ရာရခဲ့သူအမျိုးသမီးလည်း ဆေးကုသမှုခံယူနေပြီလို့သိရပါတယ်။

ပစ်ခတ်မှုဖြစ်အပြီးအတော်ကြာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်တဲ့နေရာကို လာရောက်စစ်ဆေးတာမျိုးရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မခင်မျိုးဟာ ပရဟိတလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်ပါဝင်သူလို့ သူနဲ့နီးစပ်သူတွေက မှတ်ချက်ပြုပြောဆိုနေကြပါတယ်။

BBC Burmese
လမ်းမတော်မြို့နယ် NLD အမျိုးသမီးလုပ်ငန်းအဖွဲ့မှာပါဝင်သူ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး လမ်းမတော်မြို့နယ် NLD အမျိုးသမီးလုပ်ငန်းအဖွဲ့မှာပါဝင်သူ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး Reviewed by THITHTOOLWIN on 17:59 Rating: 5

No comments:

Powered by Blogger.