မန္တလေးတွင် ဗိုလ်အဆင့်ရှိ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး၏ နေအိမ်ကို ဗုံးပစ်တိုက်ခိုက်


ရန်ကုန်သပိတ် ဖြိုခွင်းသတ်ဖြတ် ခံရမှုအပေါ် တုန့်ပြန်ခြင်းဟု M.P.F ဆို၊

MFP ၊ ဒီဇင်ဘာ - ၅

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်နေ ဗိုလ်အဆင့်ရှိသူ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး၏ နေအိမ်ကို ယနေ့ ဒီဇင်ဘာ(၅)ရက် မနက်ပိုင်းတွင် ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သော Mandalay Phoenix Force – M.P.F က သတင်းထုတ်ပြန်သည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဗိုလ်အဆင့်ရှိသူ ညဏ်အောင် ဆိုသူ၏ နေအိမ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အသေအပျောက် မသိရသေးကြောင်း၊ အဆိုပါ တိုက်ခိုက်မှုသည် ရန်ကုန်မြို့ ကြည့်မြင်တိုင်တွင် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေသော သပိတ်ကို စစ်ကောင်စီ လက်နက်ကိုင်များက ဖြိုခွဲသတ်ဖြတ်ခဲ့မှုအတွက် လက်တုန့်ပြန်ခြင်း ဖြစ်ကြောင်း M.P.F က ဆိုသည်။

"လက်ရှိ ရာထူးနဲ့ပါ ခင်ဗျ။ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ CDM မဟုတ်၊ အငြိမ်းစား မဟုတ်ပါ။ အသေမပျောက်အ အထိအခိုက် မသိရသေးပါခင်ဗျ " ဟု ၄င်းအဖွဲ့က MFP သို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး၏ နေအိမ်ကို မြို့ပြပြောက်ကျားအဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ယနေ့ ဒီဇင်ဘာ(၅)ရက် မနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် စစ်အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီ ရရှိရေးအတွက် လူငယ်များ ငြိမ်းချမ်းစွာ တောင်းဆိုချီတက် ဆန္ဒပြနေစဉ် စစ်ကောင်စီ လက်နက်ကိုင်များက နောက်မှနေ၍ ကားဖြင့်တိုက်သတ်၊ သေနတ်ဖြင့် ပစ်သတ်ကာ ဖြိုခွင်းခဲ့ရာ သပိတ်တွင် ပါဝင်သော လူငယ် လေးဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိသလို (၁၀)ဦးဝန်းကျင် ဖမ်းဆီးခံရသည်ဟု ဒေသခံများက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၄င်းတို့ကို ဆန့်ကျင်သူများကို နည်းမျိုးစုံသုံးကာ ဖိနှိပ်နေပြီး အာဏာသိမ်းပြီးနောက် (၁၀)လအတွင်း စစ်ကောင်စီ လက်ချက်ဖြင့် ကျဆုံးသည့် ပြည်သူ (၁၃၀၀)ကျော် ရှိပြီ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Mandalay Free Press - MFP

မန္တလေးတွင် ဗိုလ်အဆင့်ရှိ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး၏ နေအိမ်ကို ဗုံးပစ်တိုက်ခိုက် မန္တလေးတွင် ဗိုလ်အဆင့်ရှိ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး၏ နေအိမ်ကို ဗုံးပစ်တိုက်ခိုက် Reviewed by THITHTOOLWIN on 21:53 Rating: 5

No comments:

Powered by Blogger.