ရန်ကုန်ဆန္ဒပြသူတွေ စစ်ကားနဲ့တိုက် လူစုခွဲခံရမှု ကန်သံရုံးထုတ်ပြန်

ရန်ကုန်မြို့ထဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်ကားနဲ့တိုက်ပြီး လူစုခွဲလို့ ဆန္ဒပြသူ အများအပြား သေဆုံးတယ်ဆိုတဲ့ သတင်းအပေါ်မှာ ထိတ်လန့်တုန်လှုပ်မိတယ်လို့ ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူအုပ်ထဲကို စစ်တပ်က ကားနဲ့ အနောက်ကနေ ဝင်တိုက်ပြီး သေနတ်နဲ့ပစ်ခတ် အကြမ်းဖက် ဖြိုခွင်းလိုက်တာကြောင့် ၅ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် လိုလားတောင့်တနေသော မြန်မာပြည်သူများနှင့်အတူ မိမိတို့ အတူတကွ ရပ်တည်နေပြီး အကြမ်းဖက်မှုများ အဆုံးသတ်ရန်၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်နှင့် ပြည်သူတို့၏ဆန္ဒကို လေးစားတန်ဖိုးထားရန် စစ်အာဏာရှင်ကို တောင်းဆိုတယ်လို့လည်း ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားတဲ့ သံရုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆန္ဒပြသူတွေကို ကားနဲ့တိုက် လူစုခွဲလို့ သေဆုံးတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။ ဒဏ်ရာရသူတွေကို စစ်ဆေးရုံအမှတ် ၂ မှာ ကုသပေးနေတယ်လို့ ကနဦး သတင်းအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူပြီး ၁၀ လကျော်ကာလအတွင်း အသတ်ခံရသူ အရပ်သား ၁,၃၀၃ ဦးရှိပြီး အဖမ်းခံထားရသူ ၇,၇၅၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ ဒီစာရင်းတွေဟာ ချဲ့ကားမှုဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ရန်ကုန်ဆန္ဒပြသူတွေ စစ်ကားနဲ့တိုက် လူစုခွဲခံရမှု ကန်သံရုံးထုတ်ပြန် ရန်ကုန်ဆန္ဒပြသူတွေ စစ်ကားနဲ့တိုက် လူစုခွဲခံရမှု ကန်သံရုံးထုတ်ပြန် Reviewed by THITHTOOLWIN on 21:07 Rating: 5

No comments:

Powered by Blogger.