ကြည့်မြင်တိုင်အကြမ်းဖက်ဖြိုခွင်းမှုကို ခလရ ၈၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူးနိုင်ဘိုဘို ဦးဆောင်ကျူးလွန်ဟု ဖော်ထုတ်



ဓာတ်ပုံ- ယမန်နေ့ဖြိုခွင်းမှုတွင်ပါဝင်သည့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေအချို့

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းမှု ကျူးလွန်ခဲ့သည့်ဖြစ်စဉ်ကို ဦးဆောင်သူမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ခလရ ၈၂ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး နိုင်ဘိုဘို ဖြစ်ပြီး နယ်မြေရဲ၊ တပ်ရင်းရဲတို့ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု Myanmar Police CDM Channel က ဖော်ထုတ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေအုပ်စုသည် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသည့် လူငယ်များကို ပထမအဆင့် စစ်ကားဖြင့် အကြမ်းဖက်ဝင်ရောက် တိုက်ခဲ့ပြီး ဒုတိယအဆင့်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ 

ထိုဖြစ်စဉ်ကြောင့် ဆန္ဒပြသူလူငယ်အချို့ သေဆုံးခဲ့ရပြီး ဖမ်းဆီးခံထားရသူ လူငယ် ၇ ဦး ရှိသည်။ ၎င်းတို့မှာ အသက် ၁၅ နှစ်မှ ၂၉ နှစ်အတွင်းသာရှိသေးသည်ဟု Myanmar Police CDM Channel က ဖော်ပြသည်။

အဖမ်းခံရသူများသည် မယဉ်မေအောင် ၁၅ နှစ်၊ မောင်အာကာကျော် ၁၉ နှစ်၊ မောင်ကျော်ဇင်ခန့် ၂၀ နှစ်၊ မောင်ဘိုဘိုစံ ၂၁ နှစ်၊ မကရေဇင် ၂၅ နှစ်၊ ကိုကောင်း ၂၆ နှစ် နှင့် မကြူကြူသင်း ၂၉ နှစ်တို့ ဖြစ်သည်။

၎င်းတို့အနက် ဒဏ်ရာရရှိထားသူ မ‌ကရေဇင်၊ မောင်ဘိုဘိုစံနှင့် ကိုကောင်းတို့ကို တပ်မတော် ကုတင် ၅၀၀ သို့ ပို့ဆောင်ထားပြီး ကျန်ရှိသူများကို ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီလက်ပါးစေများသည် အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်နေသည့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖမ်းဆီးစဉ်ကလည်း ကားဖြင့် အကြမ်းဖက် တိုက်ခိုက်ကာ ဖမ်းဆီးခဲ့ဖူးသည်။ 


လူငယ့်ခေတ် 

ကြည့်မြင်တိုင်အကြမ်းဖက်ဖြိုခွင်းမှုကို ခလရ ၈၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူးနိုင်ဘိုဘို ဦးဆောင်ကျူးလွန်ဟု ဖော်ထုတ် ကြည့်မြင်တိုင်အကြမ်းဖက်ဖြိုခွင်းမှုကို ခလရ ၈၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူးနိုင်ဘိုဘို ဦးဆောင်ကျူးလွန်ဟု ဖော်ထုတ် Reviewed by THITHTOOLWIN on 21:28 Rating: 5

No comments:

Powered by Blogger.