ထန်တလန်မြို့မှာ နေအိမ် ရှစ်လုံး ထပ်မံမီးရှို့ခံရ

ထန်တလန်မြို့မှာ နေအိမ် ရှစ်လုံး ထပ်မံမီးရှို့ခံရ ၂၀၂၁၊ အောက်တိုဘာ ၂၉ ရက်နေ့မှာ မီးရှို့ခံရတဲ့ ထန်တလန်မြို့က နေအိမ်တွေကို တွေ့ရစဉ် / Photo: The Chin Journal


ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က နေအိမ် ၁၆၄ လုံးမီးရှို့ခံခဲ့ရပြီးနောက် နိုဝင်ဘာ ၆ ရက်နဲ့ ၉ ရက်နေ့တွေမှာလည်း နောက်ထပ် နေအိမ် ရှစ်လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့က အိမ်ခုနစ်လုံးနဲ့ နိုဝင်ဘာ ၉ ရက်နေ့မှာ တစ်လုံး ထပ်မံမီးရှို့ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မီးထပ်လောင်တာက စိုက်ပျိုးရေး ရပ်ကွက် နေအိမ်တွေပါ။ ထပ်လောင်တဲ့ နေအိမ်တွေထဲမှာ မိဘမဲ့ ဂေဟာ တစ်ခုလည်း ပါတယ်။ အဲဒီမှာရှိတဲ့ ကလေးတွေကတော့ တခြားကို ပြောင်းရွှေ့သွားကြပြီ။ လက်နက်ကြီးသံတွေ ကြားပြီးနောက်မှ မီးလောင်ပြီး မီးခိုးတွေ ထွက်လာတာပဲ"

ချင်းပြည်နုယ် ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ နေအိမ် ၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့ရတာ ကြောင့် ဒီနေ့အထိဆိုရင် မီးရှို့ခံရတဲ့ အိမ်ပေါင်း ၁၈၁ လုံးအထိ ရှိသွားပါပြီ။

ဒီမီးရှို့မှုဖြစ်စဉ်ကြောင့် လူဦးရေ တစ်သောင်းဝန်းကျင်ရှိတဲ့ ထန်တလန်မြို့ မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

နိုဝင်ဘာလ ၆ ရက်နဲ့ ၉ ရက်နေ့တွေက နေအိမ် ရှစ်လုံး ထပ်မံမီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပိုင် မြဝတီသတင်းက ဒီနေ့ထုတ်ပြန်ရာမှာတော့ ထန်တလန်မြို့မှာရှိတဲ့ နယ်မြေခံ လုံခြုံရေးစခန်းကို လက်နက် ငယ်တွေနဲ့ လာရောက်ပစ်ခတ်တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့ရာ ဒေသ ကာကွယ်ရေး အဖွဲ့တွေ တောင်ဘက်ကို ဆုတ်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ထွက်ပြေးရာ လမ်းတလျှောက်မှာရှိတဲ့ ဈေးဆိုင်တန်း ၆ လုံးနဲ့ နေအိမ် ၁ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့ CDF အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကတော့ အဲဒီမီးရှို့မှုကို စစ်တပ်က လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

အဲဒီနေရာမှာ စစ်တပ်က နေရာယူထားတာကြောင့် မီးရှို့မှုတွေကို စစ်တပ်က ကျူးလွန်နေတာလို့ ထန်တလန် CDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ထပ်လောင်တဲ့နေအိမ်တွေက စိုက်ပျိုးရေးရပ်ကွက်က အိမ်တွေပါ။ အဲဒီ ရပ်ကွက်က စစ်တပ်ရဲ့ တပ်ကုန်းနားမှာ ရှိတာပါ။ အဲဒီနားမှာ သူတို့ပဲရှိတာ။ ကျွန်တော်တို့ အဲဒီမှာ မရှိဘူး"

ချင်းပြည်နယ် မင်းတပ်မြို့နဲ့ မတူပီမြို့ကြားမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က စပြီး နိုဝင်ဘာ ၁၀ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ CDF အဖွဲ့တွေအကြား တိုက်ပွဲဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese

ထန်တလန်မြို့မှာ နေအိမ် ရှစ်လုံး ထပ်မံမီးရှို့ခံရ ထန်တလန်မြို့မှာ နေအိမ် ရှစ်လုံး ထပ်မံမီးရှို့ခံရ Reviewed by THITHTOOLWIN on 21:19 Rating: 5

No comments:

Powered by Blogger.