ကျိုက္ကနဲဘုရားပွဲမှာ ရေနစ်ပြီး ၁၉ ယောက် သေဆုံး၊ ကယ်ဆယ်ရေးတွေ ဆက်ရှာဖွေနေဆဲ


 မွန်ပြည်နယ် သံဖြူဇရပ်မြို့က နာမည်ကြီး ဘုရားပွဲ တစ်ပွဲဖြစ်တဲ့ ကျိုက္ကနဲရေလယ်ဘုရားပွဲလာကြရင်း လူ ၁၉ ယောက် ဒီနေ့ သေဆုံးသွားပါတယ်။

နိုဝင်ဘာလ ၂၁ ရက် ဒီကနေ့ မနက်ပိုင်းအစောပိုင်းမှာ ရေမြှင့်တက်လာကြောင့် ရေလယ်ခေါင်မှာရှိတဲ့ ဘုရားကိုသွားတဲ့လမ်း ရေနစ်မြုပ်ပြီး ဘုရားဖူးတွေ အခုလို သေဆုံးသွားရတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

ဒီကနေ့ နေ့လယ် ၂ နာရီအထိ ရုပ်အလောင်း ၁၉ လောင်းကို ပြန်ရှာဖွေရရှိထားပြီး အဲဒီ ၁၉ လောင်းထဲမှာ သံဃာတော် တစ်ပါး၊ အသက် ၉ နှစ်အရွယ်ကလေး တစ်ဦး၊ အမျိုးသားရုပ်အလောင်း သုံးလောင်း၊ အမျိုးသမီး ၁၂ လောင်းပါဝင်တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ကျိုက်ကျိုက္ကနဲ ရေလယ်ဘုရားထိကို ရောက်အောင်သွားတဲ့  “နတ်လမ်း”  လို့ခေါ်တဲ့ လမ်းတစ်လမ်းရှိပါတယ်။ အဲဒီလမ်းဟာ ဒီရေကျတဲ့အချိန်မှာ ပေါ်လာလေ့ရှိတာပါ။ ဒီနှစ်ဘုရားပွဲအချိန်မှာ အဲဒီ နတ်လမ်းပေါ်နေတာကြောင့် လူတွေ ရေလည်ခေါင်ထိသွားပြီး ဘုရားဖူးနိုင်ကြတာဖြစ်ပေမယ့် ဒီနေ့ မနက်ပိုင်းမှာ အမှတ်မထင် ရေတက်လာတာကြောင့် လူတွေ သေဆုံးခဲ့ရတာလို့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း တာဝန် ရှိသူတစ်ဦးက RFA ကို ပြောပြပါတယ်။

“နတ်လမ်းကနေ လမ်းလျှောက်သွားကြတာပဲလို့ ပြောတယ်။ တားတယ်ဗျ။ သူတို့က သွားလို့ရတယ်ဆိုပြီး သွားကြတာ။ ရေက ပြန်မနှုတ်သေး ရေနက်တဲ့အခါကျတော့ လူအုပ်ပါကွဲသွားတာ။ မျောသွားတာပေါ့ အဲဒီလိုမျိုးပေါ့နော်။ မိန်းကလေးဖြစ်တာ များတယ်ဗျ။ ယောက်ျားလေးတွေက ရေကူးတက်တော့ နောက်ဆုံးရတဲ့ ၁၄ လောင်းမှာ ၂ လောင်းပဲပါသွားတယ် ယောက်ျားလေးက။ မိန်းကလေးက ရေမကူးတက်ကြတော့ မိန်းကလေး အထိနာသွားတာ”

ကျိုက္ကနဲရေလယ်ဘုရားပွဲမှာ ဒီလိုလူသေဆုံးရတဲ့အဖြစ်မျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ကြုံတွေ့ခဲ့ဖူးပြီး အခုနောက်ပိုင်းမှာတော့ ဒီနေ့ ပထမဆုံးအကြိမ် ပြန်ကြုံရတာလို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လိုက်ရှာနေဆဲဖြစ်တယ်လို့ အဲဒီပိုင်ရှင်မဲ့ပရဟိတ အဖွဲ့ဝင် တစ်ဦးက ဒီနေ့ နေ့လယ် ၂ နာရီမှာ RFA ကို ပြောပါတယ်။

“အခုဆိုရင် Ambulance တွေ ဆင်းလာပြီ။ သူ့မိသားစုနဲ့သူ လာသယ်ကြတာပေါ့ဗျာ။ ကျွန်တော်တို့ မြို့မှာဆိုရင် သံဖြူဇရပ်မြို့က အကြီးဆုံးဆိုတော့ ကျွန်တော်တို့မြို့ကို ဆရာဝန်တွေက သတ်မှတ်ပြီးမှပဲ အလောင်းကို ပြန်ယူတယ်လေ။ အခုက ၁၅ လောင်းလုံးက သံဖြူဇရပ်ဆေးရုံမှာ ရှာတော့ရှာနေတုန်းပဲ။ ဘယ်လောက်ရမယ်ဆိုတာ လောလောဆယ်တော့ ခန့်မှန်းလို့ မရဘူး။ ပျောက်တဲ့သူက ပျောက်နေသေးတယ်”

ကျိုက္ကနဲရေလယ်ဘုရားကို ရေလည်ခေါင် ဘုရားရှိတဲ့နေရာထိ ရောက်အောင်သွားချင်ရင် စက်လှေနဲ့ သွားလို့လည်းရပါတယ်။ ဒါပေမဲ့ လူအများစုကတော့ ရေအတက် အကျမှာ ပေါ်လာလေ့ရှိတဲ့ နတ်လမ်းဆိုတဲ့ လမ်းပေါ်ကနေ လမ်းလျှောက်သွားကြတာလည်း ရှိပါတယ်။

အဲဒီလမ်းဟာ ကျောက်တွေခင်းထားတဲ့ လမ်းပုံစံဖြစ်ပြီး ရေလယ်ဘုရားအထိရောက်ဖို့  ၁ မိုင်နဲ့ ၆ ဖာလုံ လမ်းလျှောက်ရပါတယ်။

နှစ်တိုင်း တန်ဆောင်မုန်းလပြည့်မှာ ကျင်းပလေ့ရှိတဲ့ ဒီဘုရားပွဲကို နိုင်ငံတစ်ဝှမ်းက ဘုရားဖူးတွေ လာလေ့ရှိပြီး ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရင်ကလောက် ဘုရားဖူးသူတွေနဲ့ မစည်ကားဘူးလို့ လူမှုကူညီရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။

RFA Burmese

ကျိုက္ကနဲဘုရားပွဲမှာ ရေနစ်ပြီး ၁၉ ယောက် သေဆုံး၊ ကယ်ဆယ်ရေးတွေ ဆက်ရှာဖွေနေဆဲ ကျိုက္ကနဲဘုရားပွဲမှာ ရေနစ်ပြီး ၁၉ ယောက် သေဆုံး၊ ကယ်ဆယ်ရေးတွေ ဆက်ရှာဖွေနေဆဲ Reviewed by THITHTOOLWIN on 20:04 Rating: 5

No comments:

Powered by Blogger.