ထီးချိုင့်မြို့နယ်အတွင်း ယာခင်းတွေထဲနေထိုင်တဲ့ တောင်သူတွေထွက်ပြေးနေရ တဲတချို့မီးရှို့ခံရတယ်လို့ ဒေသခံတွေပြော


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းက သစ်ဆုံးအင်းတောအနီးက ယာခင်းတွေထဲနေထိုင်တဲ့ တောင်သူတွေဟာ မနေ့ နိုဝင်ဘာ (၁၉)ရက်ကစပြီး ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ သစ်ဆုံးအင်း၊ ကျွဲကော၊ အင်းယား၊ ပိန်းချောင်းစတဲ့ ယာခင်းတဝိုက်က အနည်းဆုံးတဲ (၁၀)လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရ တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ နိုဝင်ဘာ (၂၀)ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရွာထဲဝင်ရောက် ရှာဖွေမယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် အင်ဒေါင်းရွာနဲ့အနီးတဝိုက်ရွာတွေကနေ ရွာလုံးကျွတ်ထွက်ပြေးနေကြပါတယ်။

“မနေ့က ညနေပိုင်း(၅)နာရီလောက်ကသတင်းကြားရတာပဲ၊ ဒီယာခင်းတွေထဲကနေ နေသူတွေအကုန်လုံး ပြောင်းရွှေ့ကြပါ၊ ဒီနေရာကို သူပုန်နယ်အဖြစ်သတ်မှတ်လိုက်ပြီ။ တပ်စိုက်တော့မယ်လို့ သတင်းတွေထွက်တော့ ပြေးရတာပဲ၊ ပြေးလည်း ပြေးအနောက်မှာလည်း ကျွန်တော်တို့တဲတွေ မီးရှို့ခံရတော့တာပါ။ စပါး၊နှမ်းရိတ်သိမ်းချိန်လည်း ဖြစ်နေတော့ ကျွန်တော်ဆိုစပါးတွေရိတ်ထားတာ တွေပါ ပါကုန်တာ။ အဲ့ဒါနဲ့ အင်ဒေါင်းရွာထဲကို လာနေနေရတာ၊ အဲ့ရွာကိုလည်း စစ်ကောင်စီကဝင်ရှာမယ်လို့ သတင်းကြားလို့ ထွက်ပြေးနေရပါတယ်။ ”လို့ ပိန်းချောင်းတောင်သူတဦးက ဘီဘီစီကိုပြောပါတယ်။

ဒီလို ယာခင်းတွေထဲက တဲအိမ်တွေမှာ မနေခိုင်းတော့တာကြောင့် ရွာတွေထဲနေအိမ်မရှိဘဲ နေစရာအခက်အခဲ ရှိနေတယ်လို့ တောင်သူတွေက ထောက်ပြကြပါတယ်။ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆပ်ပြေးရွာအနီးစခန်းချနေတာ တပတ်နီးပါးရှိနေပြီဖြစ်ပြီး အခုလိုရွှေ့ပြောင်းခိုင်းတာအပြင် ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေလို့ဆိုကာ ရွာသားတချို့ ဖမ်းဆီးခံရသလို အမျိုးသား (၂)ဦးလည်း‌ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့ နိုဝင်ဘာ (၁၉)ရက်နဲ့ ဒီကနေ့မနက်ပိုင်းအချိန်အထိ မိုင်းဆွဲတိုက်ခိုက်တာတွေမရှိသလို ဒေသကာကွယ်ရေအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတွေလည်း မရှိသေးပါဘူး။

ဒီလိုထီးချိုင့်မြို့နယ်က အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတစုံတရာမထုတ်ပြန်သေးသလို ဘီဘီစီဘက်ကလည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

BBC Burmese

ထီးချိုင့်မြို့နယ်အတွင်း ယာခင်းတွေထဲနေထိုင်တဲ့ တောင်သူတွေထွက်ပြေးနေရ တဲတချို့မီးရှို့ခံရတယ်လို့ ဒေသခံတွေပြော  ထီးချိုင့်မြို့နယ်အတွင်း ယာခင်းတွေထဲနေထိုင်တဲ့ တောင်သူတွေထွက်ပြေးနေရ  တဲတချို့မီးရှို့ခံရတယ်လို့ ဒေသခံတွေပြော Reviewed by THITHTOOLWIN on 17:51 Rating: 5

No comments:

Powered by Blogger.