ပုလောမြို့နယ်တွင် စစ်ကောင်စီက အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်ထား၊ ပြန်လွတ်ပေး ခြင်းမရှိသေး


နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU ဘိတ်ထားဝယ်ခရိုင်(တပ်မဟာ -၄) နယ်မြေ၊ ပုလောမြို့နယ်အတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ကို တိုက်ခိုက်နိုင်ခြင်းမရှိစေရန် ဒေသခံအရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်ထားကြောင်း ဒေသခံကျေးရွာသားများထံမှ သိရသည်။

ယခုလ နိုဝင်ဘာလ ၇ ရက်နေ့တွင် ပုလောမြို့နယ် မဒေါကျေးရွာအတွင်းသို့ စစ်ရေး ဝင်ရောက် လှုပ်ရှားလာသည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၂၈၅) တပ်ဖွဲ့ဝင်များသည် ဒေသခံ အရပ် သား(၂၀)နီးပါးကို ကျေးရွာဘုန်းကြီးကျောင်းတွင် ညအိပ်ခေါ်ယူထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“သူတို့က ရွာသားတွေကို အကာအကွယ်ယူ လုပ်တဲ့ သဘောပေါ့။ အယောက် ၂၀ လောက်ရှိမယ် ခေါ် ထားတာ။ တချို့ သူတို့နဲ့ အဆင်ပြေတဲ့သူတွေကိုတော့ ပြန်လွတ်ပေးတယ်။ တချို့ကိုတော့ KNU နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းထားတုန်း။ ပြန်မလွတ်သေးတာ ဆယ်ကျော်ရှိသေးတယ်။ ဒီမနက်မှ သုံး ယောက် ပြန်လွတ်ပေးတာ ရိုက်နှက်ပြီးပြီးမှ မျက်နှာက ယောင်ဖောနေတာပဲ”ဟု ကေအိုင်စီသို့ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပြောသည်။

အလားတူ နိုဝင်ဘာလ ၈ ရက်နေ့က စစ်ရေးဝင်ရောက်လှုပ်ရှားလာသော အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် KNU တပ်မဟာ (၄) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့ဝင်အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး စစ်ကောင်စီဘက်မှ တစ်ဦးကျဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် မဒေါကျေးရွာနေ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း KNU ဘက်က သတင်းထုတ်ပြန်ထားသည်။

ထို့အတူ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် ခဲတွင်းတူးဖော်ရေးပြုလုပ်နေသူများထံမှ ငွေကျပ်သိန်း (၁၅၀)ကို အတင်းအဓမ္မတောင်းယူခဲ့ကြောင်းလည်း KNU ဘက်က ဆက်လက် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွင်လည်း ဒေသခံ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့(PDF) မှ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များထံ လက်နက်ဝင်ရောက် သိမ်းယူလိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ပုလောမြို့နယ် မိချောင်းသိုက် နှင့် ချောင်းလ ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ=ကျေးရွာသားအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်ကောင်စီဘက်မှ လက်နက် ပြန်မ အပ်မချင်း ကျေးရွာအတွင်း ဝင်ခွင့်မပေးဘဲ ရွာမီးရှို့ဖျက်ဆီးပစ်မည်ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့ကာ ယနေ့အချိန်ထိ ဒေသခံများ နေရပ်မပြန်ရဲသေးကြောင်း ဒေသခံများက ဆိုသည်။

ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့တွင်လည်း ပုလောမြို့နယ် သာယာကုန်းကျေးရွာ အတွင်းသို့ စစ်ကောင်စီဘက်မှ ကျေးရွာအတွင်း ဝင်ရောက်လာ၍ ကျေးရွာနေ ဒေသခံတချို့ကို ခေါ်ယူ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သေးသည်။


Karen Information Center -KIC 

https://www.facebook.com/KICNewsPage

ပုလောမြို့နယ်တွင် စစ်ကောင်စီက အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်ထား၊ ပြန်လွတ်ပေး ခြင်းမရှိသေး ပုလောမြို့နယ်တွင် စစ်ကောင်စီက အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်ထား၊ ပြန်လွတ်ပေး ခြင်းမရှိသေး Reviewed by THITHTOOLWIN on 20:26 Rating: 5

No comments:

Powered by Blogger.