စစ်ကောင်စီက ဘားအံမြို့က တံတားတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို စတင်ဖမ်းဆီ


အဖွဲ့အစည်းလက်မှတ်ပါတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ ဖမ်းဆီးသိမ်းဆည်းသွားမယ်လို့ သိရ

နိုဝင်ဘာ-၂၂၊၂၀၂၁

ဘားအံမှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီက ဖမ်းဆီးသိမ်းဆည်းသွားမှာဖြစ်ပြီး ဒီလိုဖမ်းဆီးသွားမယ့်အကြောင်းကို ဘားအံမြို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေးရုံးတာဝန်ခံတွေထံ အသိပေးပြောကြားခဲ့တယ်လို့ ဆက်ဆံရေးရုံးက တာဝန်ခံတွေရဲ့  ပြောကြားချက်အရ သိရပါတယ်။ 

ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက ဘားအံမြို့မှာ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဖြစ်သူက ဘားအံမြို့က လက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေးရုံးတာဝန်ခံတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသွားမယ့်အကြောင်း အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီလို လိုင်စင်မဲ့ယာဉ်တွေကိုဖမ်းဆီးသွားရာမှာ ပထမအဆင့်အနေနဲ့ ဘားအံမြို့က သံလွင်တံတားနဲ့ ဇာသပြင်တံတားတွေမှာ ဖမ်းဆီးသိမ်းဆည်းသွားမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ ဘားအံမြို့တွင်းမှာ ဖမ်းဆီးသွားမှာဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆက်ဆံရေးရုံးတာဝန်ခံတစ်ဦးက ပြောပါတယ်။ 

"ဝစ်သောက်ကားတွေနဲ့ပတ်သက်ပြီးတော့ သူတို့တင်းကြပ်တာပေါ့နော်။ သွားလာခွင့်တွေကို အခုလောလောဆယ် ပထမအချက်တော့ မြို့ပြင်ပေ့ါ။ မြို့ပြင်မှာသွားလာတာတွေ အဲ့လိုဝစ်သောက်တွေနဲ့ပတ်သက်ရင် ဖမ်းဆီးမှာပေါ့။ ဒုတိယအချက်အနေနဲ့ မြို့တွင်းပေါ့။ မြို့တွင်းမှာသွားလာတာတွေရင် အဲ့လိုဝစ်သောက်တွေကို ဖမ်းဆီးမှာပေါ့။ တံတားတွေကို လုံးဝကိုမရဘူးပေါ့။ သံလွင်တံတားကို လုံးဝကိုမရဘူး။ မြို့တွင်းထဲဝင်လာရင် လုံးဝပြသနာရှိနိုင်တယ်။ သံလွင်တံတား ဇာသပြင်တံတားရှိမယ် ဖြတ်လို့သွားလို့မလွယ်ဘူး ဘယ်အဖွဲ့အစည်းကိုမှ နားမလည်သေးဘူး။ အရေးကြီးဆုံးအဓိကအချက်ကတော့ ဝစ်သောက်ကားကိစ္စတွေပါပဲ။ အဲ့ဒါတွေရော အပေါ်ကနေဖိအားပေးတာဆိုတော့ သူတို့ကတင်းကြပ်ပြီးတော့လုပ်တာပေါ့နော်။  လောလောဆယ် ပထမတစ်အချက်ကတော့ ဒီနေ့ထဲကနေ စနေပြီ။ အရေးယူမှုပိုင်းကတော့ ကားသိမ်းမှာပေါ့" လို့ ဆက်ဆံရေးရုံးတာဝန်ခံက ပြောပါတယ်။

လက်ရှိ ဘားအံမြို့ သံလွင်တံတားနဲ့ ဇာသပြင်တံတားတွေမှာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့်မပြုတော့ပဲ ဖမ်းဆီးစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

အရင်က လက်နက်ကိုင်အဖွဲ့အစည်းလက်မှတ်ပါတဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့်ရှိခဲ့ပေမယ့် အခုအခါမှာတော့ စစ်ကောင်စီက အဖွဲ့အစည်းလက်မှတ်ပါတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ ဖမ်းဆီးသိမ်းဆည်းသွားမှာဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆက်ဆံရေးရုံးတာဝန်ခံတစ်ဦးက ဆိုပါတယ်။ 

"အရင်တုန်းကဆို တပ်ဖွဲ့ဝင်မိသားစုတို့ လက်မှတ်တို့ဘာတို့ကတော့ လုပ်လို့မရဘူးနာ်။ အဲ့ဒီဥစ္စာတွေကတော့ နားလည်ပေးမှာမဟုတ်ဘူး။ အကုန်လုံးကတော့ ဖမ်းဆီးမှာပေါ့။ တကယ်လို့အရေးကြီးလို့ ဘားအံကိုလာစရာရှိပါတယ်ဆို ကျနော်တို့တပ်ဖွဲ့တွေက ဆက်ဆံရေးရုံးကို သတင်းပို့ပြီးမှ ဒုတိုင်းမှူးကို ကျနော်ကသတင်းပို့ပေးရမှာပေါ့။ အရေးကြီးတဲ့ကိစ္စတွေကျရင်တော့။ သာမန်ကိစ္စတွေကျ အဆင်မပြေဘူးပေါ့။ ပညာပေးတဲ့အဆင့်မဟုတ်ဘူးလေ။ သူတို့က အတိအကျကို လုပ်မှာပေါ့ ။ အမိန့်ကို ညွှန်ကြားထားတာကိုး" လို့ ဆက်ဆံရေးရုံးတာဝန်ခံတစ်ဦးက ဆိုပါတယ်။ 

ဒီလို တံတားတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတဲ့အဖွဲ့ထဲမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့သာပါဝင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက မပါဝင်ဘူးလို့ သိရပါတယ်။

လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီက ဖမ်းဆီးသိမ်းဆည်းသွာမှာဖြစ်တာကြောင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတချို့က လူတွေက လိုင်စင်မဲ့ယာဉ်တွေကို မစီးရဲကြတော့ပဲ လိုက်လံရောင်းချတာတွေရှိနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

𝕂𝕝𝕠 FM - 𝕴𝖓𝖋𝖔𝖙𝖆𝖎𝖓𝖒𝖊𝖓𝖙

စစ်ကောင်စီက ဘားအံမြို့က တံတားတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို စတင်ဖမ်းဆီ စစ်ကောင်စီက ဘားအံမြို့က တံတားတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို စတင်ဖမ်းဆီ Reviewed by THITHTOOLWIN on 17:31 Rating: 5

No comments:

Powered by Blogger.