ကျိုက်ထိုမြို့နယ်က စစ်တပ်စခန်းတစ်ခုကို KNLA က သွားရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်က ၃ ဦး ဒဏ်ရာရရှိ


စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နေအိမ်အချို့ ပျက်စီး

နိုဝင်ဘာ-၂၂၊၂၀၂၁

ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၀၇) တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ က သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်က သတင်းထုတ်ပြန်ပါတယ်။ 

နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရိအချိန်ခန့်က ကေအဲန်ယူ ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်က ခလရ ၂၀၇ တပ်စခန်းကို KNLA တပ်မဟာ ၁ တပ်ရင်း ၃ က သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး ဒဏ်ရာရရှိခဲ့ကာ မော်တော်ယာဉ်ရုံး ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မိုးဘောရွာဟောင်းနဲ့ မိုးဘောနတ်စင်ကြားမှာ KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီ တပ်မ (၂၂) လက်အောက်ခံတပ်တို့အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးတာပါ။

" နိုဝင်ဘာလ ၁၅ ရက်ကဖြစ်တာပေါ့၊ စကစဖက်က အင်အား ၁၀၀ ကျော် လောက်ရှိမယ်၊ သူတို့က စစ်ရေးအရ နယ်မြေတိုးချဲ့ဖို့နဲ့ CDM တွေကိုလာရှာတာ"လို့  KNLAတပ်မှူး တစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်ဘက် ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် လူနေအိမ်တစ်လုံး၊ ဈေးဆိုင်တစ်ဆိုင် ပျက်စီးသွားခဲ့ပြီး ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ကေအဲန်ယူထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ ဒေသခံတွေကို ပေါ်တာဆွဲတာ၊ ဒေသခံတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အဓမ္မယူဆောင်တာတွေစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

𝕂𝕝𝕠 FM - 𝕴𝖓𝖋𝖔𝖙𝖆𝖎𝖓𝖒𝖊𝖓𝖙



ကျိုက်ထိုမြို့နယ်က စစ်တပ်စခန်းတစ်ခုကို KNLA က သွားရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်က ၃ ဦး ဒဏ်ရာရရှိ ကျိုက်ထိုမြို့နယ်က စစ်တပ်စခန်းတစ်ခုကို KNLA က သွားရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်က ၃ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 17:39 Rating: 5

No comments:

Powered by Blogger.