ဒီးမော့ဆိုတိုက်ပွဲအပြီး ဟိုဖိတ်ရွာသား ၇ ဦးကို စစ်ကောင်စီတပ်မှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွှတ်ပေးခဲ့



ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာအုပ်စု ဟိုဖိတ်ကျေးရွာအတွင်းမှာ ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းမှာ ကရင်နီတပ်မတော် KA ၊  ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့  စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအပြီးမှာ ဟိုဖိတ်ရွာသား ၇ ဦးကို စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

“ ဒီမနက်တိုက်ပွဲက ဟိုဖိတ်ရွာထဲမှာ ဖြစ်တယ်။ ဆိုတော့ သူတို့ ( စစ်ကောင်စီ) ဆုတ်တဲ့အချိန် လမ်းမှာလား ဘယ်နားမှာလဲတော့ ကျနော်တို့လည်း သေချာမသိရဘူး။ အဲ့ဒီရွာသား ၇ ဦးကို ဖမ်းသွားလိုက်တယ်။ တပ်ကတော့ ၄၂၇ ဖက် ဆုတ်သွားတယ်။ နေ့လည်ပိုင်းလောက်မှာ ပြန်လွှတ်ပေးတယ်။ တပ်ဆုတ်နေတဲ့အချိန် ဖမ်းပြီး သူတို့တပ်ကို  ပြန်ပို့ခိုင်းတဲ့သဘောမျိုး။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်  KNDF မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို  ပြောပါတယ်။ 

ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် ကျေးရွာအုပ်စု၊ ဟိုဖိတ်ကျေးရွာအတွင်းကို စစ်ကြောင်းနှစ်ကြောင်း ထိုးလာတဲ့ ဒီးမော့ဆိုမြို့နယ်အခြေစိုက် ၄၂၇ တပ်ရင်းဖြစ်တဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တို့နဲ့ ထိပ်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း KNDF ဖက်မှ တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးသွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ကျော်ဖြင့် စံပြ ၆ မိုင် ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာပြီး စစ်ကြောင်းထိုးနေစဉ်အတွင်း ပြည်သူ့နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်များကို တိုင်တည်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KNDF က သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။


Kantarawaddy Times 

ဒီးမော့ဆိုတိုက်ပွဲအပြီး ဟိုဖိတ်ရွာသား ၇ ဦးကို စစ်ကောင်စီတပ်မှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွှတ်ပေးခဲ့ ဒီးမော့ဆိုတိုက်ပွဲအပြီး ဟိုဖိတ်ရွာသား ၇ ဦးကို စစ်ကောင်စီတပ်မှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွှတ်ပေးခဲ့ Reviewed by THITHTOOLWIN on 20:57 Rating: 5

No comments:

Powered by Blogger.