အငြင်းပွားမှုရှိနေတဲ့ နယ်စပ်တလျှောက် တရုတ်ဘက်က ခြံစည်းရိုးဆက်ကာ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်)နဲ့ မုံးကိုးမြို့နယ်ခွဲကြား တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ ဒေသခံတွေနဲ့ နှစ်နိုင်ငံ နယ်မြေအငြင်းပွားမှုတွေရှိနေပေမဲ့ တရုတ်ဘက်က ခြံစည်းရိုးတွေ အခိုင်အမာ ဆက်လက်ကာရံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်ဆိုင်းမြို့နယ်ကနေ မုံးကိုးမြို့ဘက်အထွက် လမ်းတလျှောက်မှာ ခြံစည်းရိုး ကာရံနေတာလို့ ဆိုပါတယ်။

ခြံစည်းရိုးကာရံရာမှာ မြန်မာဘက်အခြမ်းက မြစ်ချောင်းတွေထဲကို မြေကြီးတွေဖို့တာ၊ နယ်မြေကျော်တာတွေကို ဒေသခံတွေက ကန့်ကွက်ပြောဆိုခဲ့ပေမဲ့ တရုတ်ဘက် ခြံစည်းရိုးဆက်ကာနေတာကြောင့် မြန်မာဘက်က တာဝန်ရှိသူတွေအနေနဲ့ ကွင်းဆင်းကြည့်ရှုပေးဖို့ လိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ် ခြံစည်းရိုးတွေဟာ တချို့နေရာမှ သံဆူးကြိုး၊ သံဇကာ၊ သွပ်ပြားတွေနဲ့ သုံးထပ်တိတိ လုံခြုံအောင် အခိုင်အမာ ကာရံထားသလို CCTV ကင်မရာတွေ၊ အာရုံခံ အသံပေးစနစ်တွေကို ပါတပ်ဆင်ထားတာပါ။

ယခင်က လူအဝင်အထွက်ရှိခဲ့တဲ့ နှစ်နိုင်ငံကျေးရွာချင်းဆက် လမ်းတွေကိုပါ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတဲ့ ပန်ဆိုင်းနဲ့ မုံးကိုးမြို့နယ်ခွဲ နယ်စပ်တလျှောက်မှာဆိုရင် တရုတ်စစ်သားတွေက စောင့်ကြည့်နေသလို တင့်ကားတွေ ဆိုင်ကယ်တွေနဲ့ အလှည့်ကျ ကင်းလှည့်နေတာလည်းရှိနေပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၀ မှာ သဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့ တရုတ်-မြန်မာ နယ်နိမိတ်ဟာ မိုင်ပေါင်း ၁၃၇၀ နီးပါးအရှည်ရှိပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေနဲ့ အဓိကထိစပ်နေတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ မိုင်းလားဒေသ၊ ဝဒေသ၊ ကိုးကန့်ဒေသ၊ မုံးကိုး၊ ပန်ဆိုင်း၊ မူဆယ်၊ နမ့်ခမ်း၊ မန့်ဟီးရိုး စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေတာဖြစ်ပါတယ်။ နမ့်ခမ်းနဲ့ မူဆယ်မြို့တွေမှာဆိုရင် တရုတ်ဘက်က ခြံစည်းရိုးကာရံမှုကြောင့် ဒေသခံတွေနဲ့ မကြာခဏဆိုသလို နယ်မြေအငြင်းပွားမှုတွေရှိနေပါတယ်။

RFA Burmese



အငြင်းပွားမှုရှိနေတဲ့ နယ်စပ်တလျှောက် တရုတ်ဘက်က ခြံစည်းရိုးဆက်ကာ အငြင်းပွားမှုရှိနေတဲ့ နယ်စပ်တလျှောက် တရုတ်ဘက်က ခြံစည်းရိုးဆက်ကာ Reviewed by THITHTOOLWIN on 19:23 Rating: 5

No comments:

Powered by Blogger.