ဖွံ့ဖြိုးရေး ပရောဂျက်တွေ အတွက် ဒေါ်လာ ၆ သန်းကျော် တရုတ်ဆီကနေ ရရှိ

စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ရန်ကုန် တရုတ်သံအမတ်ကြား လက်မှတ်ထိုး

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်း အနေနဲ့ မြန်မာနိုင်ငံ အတွင်း စီမံကိန်း လုပ်ငန်းပရောဂျက် ၂၁ ခု အတွက် တရုတ်နိုင်ငံက ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေ ပေးအပ်ခဲ့တယ် ဆိုပြီး တရုတ်ပြည်မကြီး အစိုးရပိုင် ရှင်ဝှာ သတင်းဌာနက ပြောပါတယ်။

ဒါ့ကြောင့် မြန်မာ အာဏာသိမ်းစစ်တပ်ရဲ့ လက်ထဲ ဒေါ်လာ ၆ သန်းကျော် တရုတ်ဆီကနေ ရမယ်လို့ နားလည်ရပါတယ်။

LMCလို့ အတိုကောက် ခေါ်တဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဆိုတာ တရုတ်နဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲက မဲခေါင်မြစ် ဖြတ်သန်း စီးဆင်းရာ နိုင်ငံတွေနဲ့ကြား ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ရာ ၂၀၁၆ ခုနှစ်မှာ စတင်ပြီး ထူထောင် ထားရှိတာ ဖြစ်ပါတယ်။

တိဘက်ဒေသမှာ စတင်တဲ့ မဲခေါင်မြစ်ဟာ ယူနန်ပြည်နယ်ကို ဖြတ်ပြီး အရှေ့တောင်အာရှ ဒေသနိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေထဲ စီးဆင်းတာ ဖြစ်ပါတယ်။ လန်ချန်းဆိုတာ တရုတ်နိုင်ငံထဲမှာ မဲခေါင်ကို ခေါ်တဲ့ နာမည်ဖြစ်ပါတယ်။ ဒါ့ကြောင့် LMC ဟာ တရုတ်နဲ့ မဲခေါင်မြစ်ဝှမ်းဒေသ အာဆီယံ ၅ နိုင်ငံနဲ့ကြား ပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပါတယ်။)

အခု LMC အတွက် တရုတ်ကပေးတဲ့ အထူးထောက်ပံ့ငွေတွေကို မြန်မာထံ လွှဲပေးရေး သဘောတူမှုကို အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်တို့ကြား လက်မှတ် ရေးထိုးတာ ဖြစ်တယ်လို့ ရှင်ဝှာက ရေးပါတယ်။

လုပ်ငန်း ပရောဂျက်ပေါင်း ၂၁ ခု အတွက် လို့ ပြောတာမှာ ပုံမှန် ကြုံလေ့ကြုံထ မရှိတဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်ရေး ဆိုတဲ့ ကဏ္ဍ အတွက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီ အင်အားစုတွေ အပေါ် အင်အားသုံး ဖြိုခွဲ တိုက်ခိုက်နေတယ် ဆိုပြီး မြန်မာ အာဏာသိမ်း စစ်တပ် အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ ပြစ်တင် ရှုတ်ချမှုတွေ ရှိနေချိန်၊ အာဏာသိမ်း စစ်တပ်ရဲ့ လက်ထဲ ငွေကြေးတွေ စီးဝင်မသွားစေဖို့ ပိတ်ဆို့မှုတွေ လုပ်ရေး ဆော်ဩနေကြချိန် ဖြစ်ပါတယ်။

အခု LMC အတွက် ပေးတယ်ဆိုတဲ့ ပရောဂျက်တွေကို ကြည့်ရင် အထက်မှာ ပြောထားတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စအပြင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ တိမွေးကု ဆိုင်ရာ ကာကွယ်ဆေးတွေ ထုတ်လုပ်ရေး၊ သဘာဝဘေး တားဆီးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ နယ်ခြားကုန်သွယ်ရေး၊ ခရီးသွား လုပ်ငန်း စသဖြင့် ကဏ္ဍ အစုံက စီမံကိန်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အရင်ကလည်း LMC အောက်မှာ မြန်မာကို ထောက်ပံ့ငွေ သုံးကြိမ် ပြုလုပ်ထားဖူးပြီး စီမံကိန်း ၇၃ ခု ကို ကူညီပေးခဲ့တယ်လို့ ရန်ကုန်တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58072010

ဖွံ့ဖြိုးရေး ပရောဂျက်တွေ အတွက် ဒေါ်လာ ၆ သန်းကျော် တရုတ်ဆီကနေ ရရှိ  ဖွံ့ဖြိုးရေး ပရောဂျက်တွေ အတွက် ဒေါ်လာ ၆ သန်းကျော် တရုတ်ဆီကနေ ရရှိ Reviewed by THITHTOOLWIN on 02:47 Rating: 5

No comments:

Powered by Blogger.