"တရားဝင်အစိုးရသဖွယ်ပုံဖော်နိုင်ဖို့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ လုပ်ဆောင်နေ" - မစ္စ ရှရနာ ဘာဂနာ၊ မြန်မာဆိုင်ရာ ကုလအထူးသံ

ပိုဆိုးတဲ့ ပြည်တွင်းစစ်ဆီ သွားနေပြီလို့ ကုလအထူးသံ သတိပေး

လက်ရှိမှာတော့ ဦးကျော်မိုးထွန်းက တရားဝင် ကုလသံအမတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က တရားဝင် မြန်မာခေါင်းဆောင်တွေ

    Quote Message: “နိုင်ငံတကာ အရေးယူဆောင်ရွက်မှုတွေ မရှိ ဖြစ်နေချိန်မှာ အာဏာသိမ်း စစ်တပ်က တရားဝင် အစိုးရ သဖွယ် ပုံဖော်ဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်” from မစ္စ ရှရနာ ဘဂနာ မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်

    “နိုင်ငံတကာ အရေးယူဆောင်ရွက်မှုတွေ မရှိ ဖြစ်နေချိန်မှာ အာဏာသိမ်း စစ်တပ်က တရားဝင် အစိုးရ သဖွယ် ပုံဖော်ဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်”

    မစ္စ ရှရနာ ဘဂနာမြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်

စစ်အာဏာသိမ်းပြီး ၆ လ အကြာမှာ၊ မြန်မာ စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အာဏာဆုပ်ကိုင်မှုကို ပိုပြီး ခိုင်မာအောင်ပြုလုပ်ဖို့ လုပ်ဆောင်လာနေပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာက ပြောပါတယ်။

အခု ဩဂုတ်လဆန်းပိုင်းက စစ်ကောင်စီကနေ အိမ်စောင့်အစိုးရ နာမည်ပြောင်းပြီး စစ်ခေါင်းဆောင်က သူ့ကိုယ်သူ ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခဲ့တာကို မစ္စဘာဂနာ ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲ ကိုဗစ်-၁၉တတိယလှိုင်းဒဏ် ဆိုးဆိုးရွားရွား ကြုံနေရပြီး အခြေအနေတွေဟာ အင်မတန် စိုးရိမ်ဖွယ်ရာ ရှိနေဆဲ ဖြစ်တယ်လို့လည်း မစ္စဘာဂနာက ဆွစ်ဇာလန်နိုင်ငံကနေ အွန်လိုင်း ဗီဒီယိုကတဆင့် အမေရိကန် နယူးယောက်မှာ ရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

“ကျွန်မရဲ့ အမြင်အရတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိမ်စောင့်အစိုးရ ကြေညာခြင်းနဲ့အတူ အာဏာအပေါ် သူ့ရဲ့ ချုပ်ကိုင်မှုကို ပိုပြီး ခိုင်မာအောင် ပြုလုပ်ဖို့ ဆုံးဖြတ်ထားပုံ ရတယ်” ဆိုပြီး မစ္စ ရှရနာဘာဂနာက ပြောပါတယ်။

အိမ်စောင့် အစိုးရ ကြေညာတယ်၊ သူ့ကိုယ်သူ ဝန်ကြီးချုပ်ခန့်တယ်၊ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်တွေကို ပယ်ဖျက်ကြောင်း တရားဝင် ကြေညာချက် ထုတ်တယ် ... ဒီအချက်တွေဟာ သူ့တို့ကိုသူတို့ တရားဝင် အစိုးရ သဖွယ် ပုံဖော်ဖို့ရာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ လုပ်ဆောင်လာတဲ့ ခြေလှမ်းတွေ အဖြစ် မြန်မာ ဆိုင်ရာ ကုလ အထူးသံတမန်က ရှူမြင်သုံးသပ်တာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို ပါတီ အဖြစ်ကနေ ဇွတ်အတင်း အဓမ္မ ပယ်ဖျက်တာမျိုးလည်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေက မကြာခင် ကြေညာ လာနိုင်တဲ့ စိုးရိမ်ဖွယ် အခြေအနေမျိုးဖြစ်တယ်လို့ လည်း မစ္စ ရှရနာဘာဂနာက ပြောပါတယ်။

“နိုင်ငံတကာ အရေးယူဆောင်ရွက်မှုတွေ မရှိ ဖြစ်နေချိန်မှာ အာဏာသိမ်း စစ်တပ်က တရားဝင် အစိုးရ သဖွယ် ပုံဖော်ဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်” လို့ မစ္စ ရှရနာ ဘာဂနာက ပြောရင်းမှာပဲ ....

“ကျွန်မအနေနဲ့ ရှင်းရှင်းလင်းလင်း ရှိဖို့ ပြောရရင် ကုလအဖွဲ့ကြီးက ဘယ်သူဟာ အစိုးရ ဆိုပြီး ရွေးချယ် အသိအမှတ်ပြုတာမဟုတ်ပါဘူး။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တာဖြစ်ပါတယ်” လို့ ကုလအထူးသံက ဆိုပါတယ်။

“အဖွဲ့ဝင် နိုင်ငံတွေက နောက်ဆုံးဖြတ်ချက် မချသေးသရွေ့ နယူးယောက်မှာ ရှိတဲ့ ဦးကျော်မိုးထွန်းဟာ မြန်မာရဲ့ ကုလသမဂ္ဂ ဆိုင်ရာ တရားဝင် သံအမတ်ကြီး ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ မြန်မာပြည်ရဲ့ အစိုးရ ခေါင်းဆောင်တွေ ဖြစ်ကြတယ်” ဆိုပြီးတော့လည်း လက်ရှိ ကုလသမဂ္ဂမှာ တရားဝင်မှုနဲ့ ပတ်သက်ပြီး မစ္စရှရနာ ဘာဂနာက မီးမောင်းထိုး ပြောခဲ့ပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်း ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ရေး အတွက် ဆက်လက် ကြိုးစား ဆောင်ရွက်နေတယ်လို့ မစ္စ ရှရနာ ဘာဂနာက ပြောပေမယ့်၊ အခုအချိန်ထိတော့ အာဏာသိမ်း စစ်တပ်ရဲ့ လက်ထက်မှာ ပြည်ဝင်ခွင့် မရသေးပါဘူး။

မြန်မာအရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကို ကုလသမဂ္ဂ၊ အီးယူနဲ့ အာဆီယံ ကိုယ်စားလှယ်တွေ အပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အမေရိကန်၊ ယူကေ၊ နော်ဝေနဲ့ ဆွစ်ဇာလန် နိုင်ငံတွေက ကိုယ်စားလှယ်တွေကိုပါ ပေါင်းထည့်ပြီး ထူထောင်ထားရှိဖို့လည်း ကုလအထူးသံက တိုက်တွန်းနေပါတယ်။

လတ်တလောမှာပဲ မြန်မာအရေး အာဆီယံ အထူးသံတမန်ကို အာဆီယံ ခန့်အပ်ထားရှိ လိုက်နိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အားလုံး ပါဝင်တဲ့ ပြောဆို ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ အရေးကြီးလှတယ်၊ နို့မို့ဆို မြန်မာပြည်ဟာ ပိုမို ဆိုးရွား ပြင်းထန်တဲ့ ပြည်တွင်းစစ်ဘက်ကို တစထက်တစ ပိုပြီး သွားနေပြီလို့ မစ္စ ရှရနာ ဘာဂနာက သတိပေးပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58072010


"တရားဝင်အစိုးရသဖွယ်ပုံဖော်နိုင်ဖို့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ လုပ်ဆောင်နေ" - မစ္စ ရှရနာ ဘာဂနာ၊ မြန်မာဆိုင်ရာ ကုလအထူးသံ "တရားဝင်အစိုးရသဖွယ်ပုံဖော်နိုင်ဖို့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ လုပ်ဆောင်နေ" - မစ္စ ရှရနာ ဘာဂနာ၊ မြန်မာဆိုင်ရာ ကုလအထူးသံ Reviewed by THITHTOOLWIN on 02:44 Rating: 5

No comments:

Powered by Blogger.