သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကြံစည်မှုမှာ ပတ်သက်ခြင်း မရှိကြောင်း ထိုင်း လက်နက် ကုမ္ပဏီ ငြင်းဆို

ပုံစာ - Chaiseri ကုမ္ပဏီထုတ် စစ်သုံးယာဉ်များ။ ထိုင်း ရဲဗိုလ်ချုပ် Krishna Pattayaharoen ။ ဖေဖော်ဝါရီ ၂၆ ရက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တွေ့ရတဲ့ ဦးကျော်မိုးထွန်း။ ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုဖို့ ကြံစည်မှုမှာ ပါဝင်တဲ့ ဖြိုးဟိန်းထွဋ် နဲ့ ရဲဟိန်းဇော်။ (ဖြိုးဟိန်းထွဋ် - ၅ ယောက်တွဲပုံ အင်္ကျီအကွက်ကြားနဲ့)။ ဓာတ်ပုံ - Thai PBS World ၊ Myanmar Now ၊ The Nation ၊ အင်တာနက် စာမျက်နှာ

ဘန်ကောက်၊ ဩဂုတ် ၁၆၊ ၂၀၂၁

ထိုင်းနိုင်ငံက လက်နက် ကုမ္ပဏီ Chaiseri Metal & Rubber Co., Ltd. က ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံမယ့် ကြိုးပမ်းမှုမှာ ထိုင်းလက်နက် ကုန်သည် ၁ ဦး ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို မည်သည့် လက်နက် ကုန်သည် တဦးဦးနဲ့မှ သူတို့ပတ်သက်မှု မရှိကြောင်း ပြောဆိုတယ်လို့ Thai PBS World သတင်းက ဖော်ပြပါတယ်။

Chaiseri ကုမ္ပဏီ ဒု ဥက္ကဋ္ဌ ဒေါက်တာ Noparath Koolhiran က လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုရဲ့ နောက်ကွယ်မှာ သူတို့ဆီက လူနဲ့ပတ်သက်နေတယ် ဆိုတဲ့ စွပ်စွဲချက်ဟာ သူ့ကို အံ့အားသင့်စေခဲ့တယ်လို့ Thai PBS World ကို ဩဂုတ် ၁၂ ရက်က ပြောကြားခဲ့ပါတယ်။

“ကျမတို့ကုမ္ပဏီက (ထိုင်း) စစ်တပ်အတွက် အလုပ်လုပ်နေတာ နှစ်ပေါင်း ၅၀ ကျော်ပြီ။ ကျမတို့က ထိုင်း စစ်တပ် အတွက် ပြုပြင် ထိန်းသိမ်းရေး အလုပ်တွေ လုပ်နေတယ်။ ဒီလိုကိစ္စမျိုးကို ဘယ်တုန်းကမှ မသိခဲ့ဘူး။ ကျမတို့နဲ့ ဘာမှမဆိုင်ဘူး။ ကျမတို့ ကုမ္ပဏီက ဘယ်တုန်းကမှ မပတ်သက်ခဲ့ဘူး ဆိုတာကို ရှင်းလင်းချင်တယ်”လို့လည်း သူကပြောဆိုပါတယ်။

မြန်မာသတင်း ဝက်ဘ်ဆိုက် Myanmar Now ကို ကိုးကားပြီး Thai PBS က ဩဂုတ် ၈ ရက်နေ့မှာ ဦးကျော်မိုးထွန်း အား လုပ်ကြံဖို့ ကြံစည်မှုဟာ ထိုင်း လက်နက်ထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ အဆက်အသွယ်ရှိတဲ့ ထိုင်းနိုင်ငံထဲက လက်နက် ကုန်သည် ၁ ဦးနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Myanmar Now က Chaseri Metal and Rubber Co. ရဲ့ အမည်ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

“ကျမတို့ ဒီကိစ္စမှာ ဘယ်လိုပါဝင်နိုင်မှာလဲ။ Chaiseri နဲ့ ဆက်သွယ်မှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်ဟာ တစုံတဦးနဲ့ ပတ်သက် ဖို့ ရည်ရွယ်ထားပုံရတယ်။ အဲဒါက ကျမကို စိတ်မသက်မသာဖြစ်စေတယ်”လို့လည်း ဒေါက်တာ Noparath က ပြောပါ တယ်။

ဒီသတင်းကို ဖော်ပြခဲ့ပြီးနောက် သူ့ကို သတင်းနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ဖုန်းခေါ်ဆိုမှုများစွာ လက်ခံ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဖုန်းခေါ်ဆိုမှုတွေမှာ ပါလီမန်အမတ်တွေနဲ့ အစိုးရအရာရှိတွေ ပါဝင်ကြတယ်လို့ သူကပြောပါတယ်။

Thai PBS World က ဖော်ပြတဲ့ သတင်းဟာ သူ့ ကုမ္ပဏီနဲ့ မိသားစုကို အကြီးအကျယ် ထိခိုက်စေကြောင်းလည်း ဒေါက်တာ Noparath က ပြောကြားခဲ့ပါတယ်။

Chaiseri Metal and Rubber ကုမ္မဏီဟာ Chaiseri လို့လည်း လူသိများပြီး စစ်သုံးယာဉ်များမှာ ပါရှိတဲ့ ရာဘာ နဲ့ သတ္တု ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ် တပ်ဆင်ခြင်းတွေ ပြုလုပ်တဲ့ လက်နက် ကုမ္ပဏီတခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Chaiseri ဟာ မြေပြင် ကာကွယ်ရေးသုံး သံချပ်ကာယာဉ်တွေကို ဒီဇိုင်းရေးဆွဲ၊ ထုတ်လုပ်၊ အဆင့်မြှင့်တင်တာတွေလည်း ပြုလုပ်ပါတယ်။

Chaiseri က ထိုင်း တပ်မတော် အတွက် အဓိက စစ်လက်နက် ပစ္စည်း ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီ ဖြစ်ပြီး အာရပ်၊ အာဂျင်တီးနား၊ ဘင်္ဂလားဒေ့ရှ်၊ ချီလီ၊ ဒိန်းမတ်၊ မလေးရှား၊ နော်ဝေ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ဆွီဒင်၊ ရုရှား၊ စင်္ကာပူနဲ့ ယူကရိန်း အပါအဝင် နိုင်ငံပေါင်း ၃၇ နိုင်ငံကို ထုတ်ကုန်တွေ တင်ပို့ကြောင်းလည်း သိရပါတယ်။

ခြိမ်းခြောက် လုပ်ကြံဖို့ ကြံစည်ခံရတဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း အရေးနဲ့ ပတ်သက်ပြီး အမေရိကန်က တောင်းဆိုလာပါက အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောကြား ကြောင်း The Nation သတင်းကလည်း ဖော်ပြထားပါတယ်။

ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုမှာ စွပ်စွဲခံရတဲ့ မြန်မာနိုင်ငံသား ၂ ဦးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ အမေရိကန် ရဲတပ်ဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သြဂုတ်လ ၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်း ရဲတပ်ဖွဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ရဲ ဗိုလ်ချုပ် Krishna Pattayaharoen က ပြောကြားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

နယူးရော့ခ်မြို့မှာ ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြိုးစားသူတွေလို့ ဆိုတဲ့ ဖြိုးဟိန်းထွဋ် နဲ့ ရဲဟိန်းဇော် တို့ နှစ်ဦးကို သြဂုတ် လ ၆ ရက်နေ့မှာ အမေရိကန် တာဝန်ရှိသူတွေက ဖမ်းဆီးအရေးယူထားပြီး စစ်ဆေးနေကြောင်း သတင်းတွေမှာလည်း ဖော်ပြ ကြပါတယ်။

အဲဒီ ၂ ဦးဟာ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာ စစ်တပ်ကို စစ်လက်နက်တွေ ရောင်းပေးတဲ့ လက်နက်ပွဲစား ၁ ဦးရဲ့ ဆက်သွယ် တာဝန်ပေးမှုနဲ့ ပူးပေါင်း ကြံစည်ခြင်း ဖြစ်တယ်လို့ Reuters သတင်းကလည်း ရေးပါတယ်။

လုပ်ကြံမှု အစီအစဉ်ကို အသက် ၂၈ နှစ် အရွယ်ရှိတဲ့ ဖြိုးဟိန်းထွဋ်က ကြားခံလူ ၁ ဦးကတဆင့် ဦးကျော်မိုးထွန်း သိစေဖို့ ဖွင့်ချ သတင်းပေးခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

ဦးကျော်မိုးထွန်းကလည်း သူ့ လုံခြုံရေး ခြိမ်းခြောက်ခံရကြောင်း အမေရိကန် တာဝန်ရှိသူတွေကို သြဂုတ် ၄ ရက်နေ့မှာ ပြောကြားလို့ အမေရိကန် တာဝန်ရှိသူတွေက သူ့ရဲ့ လုံခြုံရေးကို တိုးမြှင့်ပေးခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

နယူးရော့ခ် တောင်ပိုင်းခရိုင် ဥပဒေ အကျိုးဆောင် ရှေ့နေများ ရုံးကလည်း အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ် နဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော်တို့ ၂ ဦးကို နိုင်ငံရပ်ခြား အဆင့်မြင့် တာဝန်ရှိသူ ၁ ဦးကို အကြမ်းဖက် တိုက်ခိုက်ဖို့ ပူးပေါင်း ကြံစည်မှုနဲ့ စွဲဆိုထားကြောင်း၊ ပြစ်မှု ထင်ရှားပါက ၁ ဦးလျှင် အမြင့်ဆုံး ထောက်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ် ကျခံရနိုင်ကြောင်း သြဂုတ်လ ၆ ရက်က ပြောဆို ထုတ်ပြန်ထားပါတယ်။

အစီအစဉ်အရ ဖြိုးဟိန်းထွဋ်ဟာ ဦးကျော်မိုးထွန်းကို ရာထူးက ဆင်းပေးဖို့ ဖိအားပေးတဲ့အနေနဲ့ တိုက်ခိုက်ရေးသမားတွေ ငှားရမ်းပြီး ထိခိုက်နာကျင်အောင် လုပ်ရမှာဖြစ်ကြောင်း၊ ရာထူးက နုတ်မထွက်ရင် အဲဒီ ဖြိုးဟိန်းထွဋ် ငှားထားတဲ့ တိုက်ခိုက်ရေးသမားတွေက ဦးကျော်မိုးထွန်းကို သတ်ဖြတ်ဖို့အထိ လက်နက် ပွဲစားက အစီအစဉ် ရှိကြောင်းလည်း The Nation သတင်းမှာ ပါရှိပါတယ်။

အဲဒီလို တိုက်ခိုက်ဖို့အတွက် ဒုတိယ တရားခံ ရဲဟိန်းဇော်က ဖြိုးဟိန်းထွဋ်ဆီကို ငွေကြေးပေးပို့ ထောက်ပံ့ရေး အစီအစဉ် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စမှာ ထိုင်းနိုင်ငံထဲက အဖွဲ့အစည်း ၁ ခုနဲ့ ပါဝင် ပတ်သက်နေတာကို သိရပြီးကတည်းက စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ် အတွက် ထိုင်းရဲတပ်ဖွဲ့က ပူးပေါင်း ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ ရဲဗိုလ်ချုပ် Krishna Pattayaharoen က ပြောကြားခဲ့ပါတယ်။

“ဒါပေမယ့် အခုချိန်ထိ အမေရိကန် အာဏာပိုင်တွေက ဘာမှတောင်းဆိုတာ မရှိသေးပါဘူး”လို့လည်း သူက ပြောဆို ကြောင်း The Nation သတင်းမှာ ဖော်ပြထားပါတယ်။


သတင်း - Thai PBS World

ရွှေတြိဂံဒေသ သတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews


သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကြံစည်မှုမှာ ပတ်သက်ခြင်း မရှိကြောင်း ထိုင်း လက်နက် ကုမ္ပဏီ ငြင်းဆို သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကြံစည်မှုမှာ ပတ်သက်ခြင်း မရှိကြောင်း ထိုင်း လက်နက် ကုမ္ပဏီ ငြင်းဆို Reviewed by THITHTOOLWIN on 00:36 Rating: 5

No comments:

Powered by Blogger.