NLD ဗဟိုကော်မတီဝင် ဦးဟံသာမြင့် ကိုဗစ်ကူးပြီး ကုသမှုခံယူနေရဆဲ

အင်းစိန်အကျဉ်းထောင် အဝင်ဝ (ဓာတ်ပုံ - Reuters)

ကိုဗစ်ကူးစက်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင် ဦးဟံသာမြင့်ရဲ့ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ NLD ဥပဒေ အကြံပေးတဦးဖြစ်သူ ဦးကျော်ဟိုးလည်း ကိုဗစ်ကူးစက်ပြီး ရန်ကုန်ဆေးရုံကြီးမှာပဲ ရောက်နေပါပြီ။ ဒီအခြေအနေတွေကိုစုစည်းပြီး ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ NLD ဗဟိုကော်မတီဝင် ဦးဟံသာမြင့် ၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ NLD ဥပဒေအကြံပေး ဦးကျော်ဟိုး၊ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်တို့ဟာ ထောင်တွင်းမှာ ကိုဗစ်ကူးစက်ခံထားရသူတွေထဲက တချို့ဖြစ်ပါတယ်။

ဦးဟံသာမြင့်ဟာ လက်ရှိမှာ ရန်ကုန်ဆေးရုံကြီး အထူးကုသဆောင်မှာ ကုသမှုခံယူနေပြီး လက်ထိပ်ဖြုတ်ပေးလိုက်ပြီးမှ အောက်ဆီဂျင်ပြန်တက်အောင် လုပ်နိုင်ခဲ့တယ်လို့ သူ့ရဲ့ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက ဗီအိုအေကို ပြောပါတယ်။

"မနက်ကတုန်းက မေးထားတာကတော့ အောက်ဆီဂျင်ကတော့ ၉၀ အောက် ကျနေတာပေါ့။ ဝမ်းသွားတာကတော့ ရပ်သွားပြီတဲ့။ ပရက်ရှာကလည်း ကျတယ်တဲ့။ ပရက်ရှာကျလို့ ဓါတ်ဆားတွေဘာတွေသောက်တော့ ပရက်ရှာ ပြန်တက်တယ်။ ပထမတော့ လက်ထိပ်ခတ်ထားတာ။ ပြောတော့ လက်ထိပ်ကတော့ ဖြုတ်လိုက်တော့ ဝါးလျားမှောက်ရတော့ အောက်ဆီဂျင် ပြန်ပြန်တက်တာပေါ့။ ဝါးလျားမှောက်မှ အောက်ဆီဂျင် ပြန်ပြန်တက်တာကို။ လောလောဆယ်တော့ အဲလိုအခြေအနေရှိတယ်။ ခုညနေတော့ မမေးရသေးဘူး၊ မနက်က ၁၀ နာရီခွဲလောက်ကမေးတာ။"

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာပဲ NLD ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးဟံသာမြင့်ကို ဖမ်းဆီးခဲ့တာပါ။ အာဏာသိမ်းတဲ့နေ့ကတည်းက အဖမ်းခံခဲ့ရတာဖြစ်ပေမယ့် CRPH ကို ထောက်ခံကြောင်း ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာမှ ထုတ်ပြန်တဲ့ ကြေငြာချက်နဲ့ပတ်သက်ပြီး အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော် လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ သူ့အပေါ် စွဲချက်တင်ထားပါတယ်။

NLD ဥပဒေ အကြံပေးတဦးဖြစ်သူ ဦးကျော်ဟိုးဟာလည်း ကိုဗစ်ကူးစက်ခံရပြီး ရန်ကုန်ဆေးရုံကြီးမှာပဲ ရောက်နေပြီလို့ သူ့ရဲ့ရှေ့နေဖြစ်သူ ဒေါ်စန်းမာလာညွန့်က ပြောပါတယ်။

"မနေ့ကဆိုလည်း ဆရာဦးကျော်ဟိုး ဆေးရုံကြီးရောက်လာပြီ။ မနေ့က ညနေကရောက်တာ။ သူ့အခြေအနေက သူလည်း အောက်ဆီဂျင်နဲ့ မောနေတယ်ပြောတယ်။ ခုက ဆရာဦးကျော်ဟိုးကို အပြင်မှာပဲထားတယ်။ အဆောင်မရသေးဘူးတဲ့၊ အမတို့လည်းစုံစမ်းတာပေါ့။ အဲလို အဆောင် ၁၁၊ ၁၂ တို့ ICU တို့ရောက်ရင် ခု ဆရာဦးဉာဏ်ဝင်းတို့တုန်းကမှ ကိုယ့်လူတယောက် ထည့်လို့ရတယ်။ ခုနောက်ပိုင်းဆို ကိုယ့်လူတွေဘာတွေ စောင့်မရတော့ဘူးတဲ့။"

ဒီအခြေအနေလောက်သာသိထားရပြီး ကျန်တဲ့ အခြေအနေအသေးစိတ် မသိရသေးဘူးလို့ သူကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ကွယ်လွန်သွားသူ NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ အတူနေခဲ့တဲ့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းဆီမှာလည်း ကိုဗစ်ပိုးတွေ့ရှိထားတယ်လို့ ဒေါ်စန်းမာလာညွန့်ကပြောပါတယ်။

ဦးဉာဏ်ဝင်းဟာ ထောင်တွင်းမှာရှိနေစဉ် ကိုဗစ်ကူးစက်ခံရပြီး ဇူလိုင် ၂၀ ရက် မနက် ၉ နာရီကျော်က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာပါ။ သူ့ဈာပနကိုတော့ ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့အနောက်ပိုင်း လှိုင်သာယာမြို့နယ်ထဲက ထိန်ပင်သုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သူ့ရှေ့နေ ဒေါ်စန်းမာလာညွန့်ကပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အင်းစိန်ထောင်မှာ အကျဉ်းကျနေသူတွေထဲက ကိုဗစ်ကူးခံထားရသူတွေထဲမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်လည်းပါဝင်ပြီး သူ့အခြေအနေကို တိတိကျကျမသိရဘူးလို့ ဇနီးဖြစ်သူက ဗွီအိုကိုပြောပါတယ်။

"သူကပြီးခဲ့တဲ့ ၂ ပတ် ၃ ပတ်လောက်ထဲကလေ ရုံးမထုတ်တော့ဘူးအမ။ အင်းစိန်က လော့ခ်ဒေါင်းချထားတော့ သူ့အခြေအနေလည်း သိခွင့်မရှိဘူး။ သိလို့မရဘူး။ ခုလောလောဆယ်တော့လေ သတင်းတွေကအမျိုးမျိုးပြန့်နေတာပေါ့လေ။ ကျမတို့ ဒီအင်းစိန်ထဲမှာလည်း ဖြစ်နေတယ်။ ပျံ့နေတယ်ဆိုတာမျိုးပြောတာတွေကြားနေရတယ်။ ကျမတို့မိသားစုတွေအနေနဲ့ စိတ်ပူတယ်။ ပြီးတော့ ရောဂါအခံရှိထားသူတွေက ပိုပြီးတော့စိတ်ပူရတယ်၊ ကိုဗစ်နဲ့ပတ်သတ်လို့ သူတို့ထောင်က ဘာလုပ်ပေးလဲပေါ့။ ဥပမာ ဆေးပေးတာတို့ဘာတို့ဆို ပြဿနာမရှိဘူး။ အဲလိုဆေးမပေးဘဲ ဒီတိုင်းဘဲထားရင် ဖြစ်နေတယ်ဆိုရင် ဒီမှာ သူတို့တွေက တူတူနေကြရတာဆိုတော့ တယောက်ကူးရင် ကျန်တဲ့သူကူးတာလေ ခုကာလကလည်း ကိုဗစ်က တော်တော်ဆိုးနေတဲ့ ကာလဆိုတော့ မိသားစုတွေအနေနဲ့ ပိုစိတ်ပူရတဲ့ကာလဖြစ်တယ်ပေါ့။ ရုံးချိန်းတောင် မထွက်တဲ့အခြေအနေမှာ သူတို့ဘာဖြစ်လည်း မသိရတဲ့အတွက် ပိုပြီးတော့စိတ်ပူရတယ်။"

ကိုဗစ်ကပ်ရောဂါထိန်းချုပ်ဖို့ဆိုပြီး ပြီးခဲ့တဲ့တပတ်ကစလို့ အင်းစိန် အကျဉ်းထောင်ထဲက ယာယီ အထူး တရားရုံးတွေမှာ အမှုတွေ စစ်ဆေးနေတာကို ယာယီရပ်ဆိုင်းထားတာပါ။

စစ်အုပ်ချုပ်ရေးကောင်စီဘက်ကတော့ ဇူလိုင် ၂၀ ရက်အထိ ကိုဗစ်ကူးစက်ခံရပြီးတဲ့နောက် အကျဉ်းထောင် အလိုက် ဆေးရုံဆင်းရသူ ၁၅၂ ဦး၊ ဆက်လက်ကုသမှုခံယူနေဆဲ ၂၀၈ ဦး ရှိပြီး သေဆုံးသူကတော့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်းအပါအဝင် ၆ ဦးရှိတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။


ကိုအောင်မြတ်သူ/ VOA Burmese

https://burmese.voanews.com/a/myanmar-political-detainees-infected-covid-19-in-prisons-/5975130.html

NLD ဗဟိုကော်မတီဝင် ဦးဟံသာမြင့် ကိုဗစ်ကူးပြီး ကုသမှုခံယူနေရဆဲ NLD ဗဟိုကော်မတီဝင် ဦးဟံသာမြင့် ကိုဗစ်ကူးပြီး ကုသမှုခံယူနေရဆဲ Reviewed by THITHTOOLWIN on 23:16 Rating: 5

No comments:

Powered by Blogger.