Covid-19 ကြောင့် အလံဖြူ၊ အလံဝါတွေနဲ့ အကူအညီတောင်းခံနေရ



ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) တတိယလှိုင်း ကူးစက်သေဆုံးနှုန်းတွေ ပြင်းထန်နေချိန်မှာ တစ်မိသားစုလုံး ရောဂါပိုးကူးစက်ခံထားရတဲ့အိမ်တွေဆိုရင် အလံဖြူ ဒါမှမဟုတ် အလံဝါ ထောင်ထားကြပြီး အစားအစာနဲ့ ဆေးဝါးအကူအညီလိုအပ်နေတာမို့ တတ်နိုင်တဲ့သူတွေနဲ့ ပရဟိတအဖွဲ့တွေက အခမဲ့ သွားရောက်လှူဒါန်း ကူညီပေးနေကြပါတယ်။

ရန်ကုန်မြို့အပါအဝင် မြို့နယ်အသီးသီးက နေအိမ်တွေထဲ မိသားစုလိုက် Covid-19 ရောဂါခံစားနေရသူတွေ အစားအစာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေတာမို့ ကိုယ့်အိမ်မှာ အဝါရောင်အလံနဲ့ အဖြူရောင်အလံတွေ ထောင်ထားပြီး အကူအညီတောင်းခံနေကြရတာပါ။

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ကိုမျိုးကတော့ အခက်အခဲဖြစ်နေချိန် အလံထောင်ပြီး အကူအညီ တောင်းလို့ရကြောင်း လူမှုကွန်ရက်မှာ တွေ့ရှိတာကြောင့် အလံဝါထောင်ပြီး အကူအညီတောင်းခဲ့တာ အဆင်ပြေသွားတယ်လို့ RFA ကိုပြောပါတယ်။

" လိုင်းပေါ်မှာတင်ထားတာတွေ တွေ့တယ်၊ အစကတော့ ကိုယ့်ဘာသာကိုယ် ကျိတ်ပြီးတော့ လုပ်ဖို့ပဲ၊ စက်ဘီးတွေဘာတွေတောင် ပေါင်ပြီးတော့ ပြထားရတဲ့ ဆေးခန်းတွေ ဘာတွေရှိတယ်၊ ဒါပေမဲ့ ဒီစက်ဘီး ပေါင်ထားတဲ့ပိုက်ဆံ ကုန်သွားရင် ဘာဆက်လုပ်ရမလဲဆိုတာ ကျွန်တော့ဦးနှောက်ထဲမှာ မပေါ်လာဘူး၊ အဲဒီမှာအခုလိုမျိုး အကူအညီတောင်းခံလို့ရတယ်ဆိုတာ တက်လာတော့ ကျွန်တော့် မိတ်ဆွေ အိမ်နီး နားချင်းတွေနဲ့ တိုင်ပင်ပြီးတော့ တင်လိုက်တာပေါ့၊ အကူအညီရပါတယ်၊ အဆင်ပြေပါတယ်၊ အသင်းတွေ ကလည်း လာတယ်၊ ပတ်ဝန်းကျင်ကလည်း လာတယ်၊ တော်တော်များများ အဝေးကြီးကနေလည်း လာတယ်၊ မန္တလေးကနေပြီးတောင် သူ့အဆက်အသွယ်နဲ့ လူကြုံနဲ့ ပို့ခိုင်းတာတွေရှိတယ် "

အလုပ်နားထားရချိန် အသက် ၇၆ နှစ်အရွယ် မိခင်ဖြစ်သူ နာမကျန်းဖြစ်လို့ အခုလိုအကူအညီ တောင်းရတာ ဖြစ်ပြီး လာရောက်လှူဒါန်းသူတွေကိုလည်း ကျေးဇူးတင်တယ်လို့ ကိုမျိုးက ဆိုပါတယ်။

Covid-19 ကြောင့် ဈေးလည်းမရောင်းရ၊ လုပ်ငန်းတွေရပ်ထားရချိန်၊ စားဝတ်နေရေးအဆင်မပြေတော့လို့ အလံဖြူ ထောင်ခဲ့ပြီးတဲ့နောက်ပိုင်း လာရောက်လှူဒါန်းသွားတာတွေရှိခဲ့လို့ အဆင်ပြေသွားတယ်လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ထွေးရင်ကလည်း RFA ကို ပြောပါတယ်။

" ဒီလိုလိုင်းပေါ်မှာတင်ထားတော့ ကိုယ်ကလည်း စားဝတ်နေရေးအတွက်ပဲ အကူအညီတောင်းလိုက်တာ၊ ခေါက်ဆွဲခြောက်နဲ့ ဆီဘူးနဲ့ ဆန်နဲ့တော့ လာလှူသွားပါတယ်၊ လက်ရှိမှာတော့ စားဝတ်နေရေး အတွက်ပဲ လိုအပ်နေပါတယ်၊ လက်ရှိအချိန်ထိကတော့ ဒီလိုပဲ စားသောက်နေရတာပေါ့။ ဈေးမရောင်းရဘူး၊ လုပ်ငန်းတွေလည်း ရပ်ထားရတယ်၊ အကူအညီပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် "

လက်ရှိ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ကိုဗစ်တတိယလှိုင်းအတွက် လုံလောက်တဲ့ စီမံခန့်ခွဲမှုတွေ မလုပ်ပေးတာကြောင့် နေ့စဉ်ကူးစက်မှုတွေ ထောင်ချီနေသလို သေဆုံးမှုတွေကလည်း နေ့စဉ် ရာချီ သေဆုံးနေရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ တစ်မိသားစုလုံး ကိုဗစ်ကူးစက်ခံရပြီး အပြင်ထွက်လို့မရတဲ့ မိသားစုဝင်တွေ အနေနဲ့ အစားသောက်နဲ့ ဆေးဝါးအခက်အခဲတွေ ကြုံနေရတဲ့အပေါ် ပြည်သူကနေ ပြည်သူကို ကူညီနိုင်ဖို့အတွက်ပဲ မျှော်လင့်ပြီး အကူအညီတောင်းခံနေကြရတာပါ။

အလံထောင်ပြီး အကူအညီတောင်းခံနေသူတွေကို အစားအစာနဲ့ ဆေးဝါး အကူအညီတွေ သွားပို့ပေးကာ ကူညီပေးနေတယ်လို့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ထဲက Healthy Youth အဖွဲ့ဝင်တစ်ယောက် က RFA ကိုပြောပါတယ်။

" တချို့ ကိုဗစ်ဖြစ်တာတို့၊ နေမကောင်းတာတို့၊ တစ်အိမ်လုံး ထွက်ဝယ်လို့မရတဲ့ အိမ်တွေကျတော့ ညီမတို့အဖွဲ့က အသင်းကပေါ့ ဝယ်ပြီးတော့ ပို့ပေးတယ်။ ပိုက်ဆံမတတ်နိုင်တဲ့သူတွေကိုတော့ ညီမတို့ အတတ်နိုင်ဆုံး ရန်ပုံငွေကနေ နည်းနည်းပါးပါး ထောက်ပံ့ပေးတယ်။ တချို့ ပိုက်ဆံရှင်းနိုင်တဲ့ သူတွေကတော့ သူတို့မှာတဲ့ပမာဏအတိုင်း ပိုက်ဆံပြန်ရှင်းပေးတယ်ပေါ့နော်။ ညီမတို့အနေနဲ့ သယ်ယူခ တွေ ဘာတွေ ဘာမှမယူဘဲနဲ့ ပို့ပေးတာပေါ့၊ အဲဒါလေးတွေ လုပ်ပေးနေပါတယ်။ အဓိကကတော့ ညီမတို့ အနေနဲ့ ဆေးတော့ ဝယ်ပေးရတာ အများဆုံးဖြစ်နေတယ်ရှင့် "

လူအင်အား၊ ငွေအင်အားကြောင့် ရန်ကုန်က ရပ်ကွက်အချို့အထိသာ ကူညီနိုင်ပြီး လက်ရှိအချိန်အထိ အကူအညီတောင်းခံတဲ့ အိမ်ခြေပေါင်း ၃၀ ကျော်နီးပါးကိုတော့ ကူညီပေးထားတယ်လို့ ပြောပါတယ်။

အစားအသောက်အတွက် အကူအညီလိုအပ်နေရင် အလံဖြူထောင်ထားကြပြီး ဆေးဝါးနဲ့ အောက်ဆီဂျင် အတွက် အကူအညီလိုအပ်ရင်တော့ အလံဝါဆိုပြီး ထောင်ထားကြပေမယ့် လက်ရှိအလံထောင်ပြီး အကူအညီ တောင်းသူအများစုဟာ ဆေးဝါးလိုအပ်နေကြတာဖြစ်တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှုအပြင် ကိုဗစ်တတိယလှိုင်းဒဏ်ကိုပါ ပြင်းပြင်းထန်ထန် ခံနေရတဲ့ ပြည်သူတွေအတွက် ပြည်သူအချင်းချင်း ဖေးမကူညီမှုကလွဲပြီး တခြားမရှိတော့တာကြောင့် အခုလိုကူညီပေးနေရတာလို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုမင်းဟန်ထက်က RFA ကိုပြောပါတယ်။

" ကျွန်တော်တို့ ဒီကာလအတွင်းမှာက ပြည်သူတွေက ဒုက္ခတွေက တစ်ခုမဟုတ်ဘူး၊ နှစ်ခုမဟုတ်ဘူး၊ တော်တော်များများကို ခါးစည်းပြီးခံနေကြရတာဗျ။ ကျွန်တော်တို့က စစ်အာဏာသိမ်းမှုကို ကြုံထား ရတယ်။ ဒီအောက်မှာမှ ကံဆိုးစွာနဲ့ ကိုဗစ်တတိယလှိုင်းက တော်တော်ကို ထိန်းမရ၊ သိမ်းမရနဲ့ ဖြစ်လာတယ်။ ကျွန်တော်တို့က ပြည်သူအချင်းချင်း ပြန်ပြီးတော့ စောင့်ရှောက်ရုံ၊ ပြည်သူအချင်းချင်း ပြန်ပြီးတော့ ဖေးမရုံ၊ ပြည်သူအချင်းချင်း လက်တွဲပြီးတော့ ဒီကပ်ဆိုးကို ကျော်လွှားရုံကလွဲပြီးတော့ ဘယ်သူ့ကိုမှ အားကိုးနေလို့ မရတော့ဘူးပေါ့ဗျာ။ အဲလိုမျိုး အခြေအနေမှာ အခြေခံအဆင့် လိုအပ်ချက် တွေဖြစ်တဲ့ ကိုဗစ်ဖြစ်လာပြီဆိုရင် ဒီစားစရာတွေ အဓိကကတော့ ကိုယ့်ကိုကိုယ် အဟာရပြည့်ဝအောင် နေဖို့ စသည်ဖြင့်ပေါ့လေ၊ နောက်တစ်ဆင့်ကတော့ ဆေးဝါးတွေပေါ့၊ နောက်ဆုံးအဆင့်ကျမှ ကျန်းမာရေး စောင့်ရှောက်မှုတွေပေါ့၊ အဲဒီအဆင့်တွေရဲ့ အခြေခံအဆင့်တွေဖြစ်တဲ့ စားစရာသောက်စရာတွေနဲ့ ဒီ ဆေးဝါးတွေကိုတောင်မှ ပြည်သူတွေက အကူအညီလိုနေကြတာပေါ့၊ အဲဒါကိုမှ အလံဝါ ထောင်တယ်၊ ပြည်သူအချင်းချင်း ဖေးမတယ်ဆိုတဲ့ အလေ့အထကတော့ လောလောဆယ် ကျွန်တော်တို့ ကြားထဲမှာ တွင်တွင်ကျယ်ကျယ်နဲ့ အလုပ်ဖြစ်နေတယ်၊ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီပေါ်မှာ ဝင်ရောက် ကူညီ လုပ်ဆောင်နေတာတွေ ရှိပါတယ် "

Covid-19 True Information Myanmar ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း အကူအညီ တောင်းခံ နိုင်ပြီး အကူအညီတောင်းခံလာသူတွေကိုလည်း မြေပြင်မှာ ချိတ်ဆက်လှူဒါန်းနေတဲ့ ပရဟိတ အဖွဲ့တွေနဲ့ ချိတ်ဆက်ပေးနေတယ်လို့ ကိုမင်းဟန်ထက်က ဆိုပါတယ်။

တစ်ဘက်မှာလည်း ဒီလိုအလံဖြူ၊ အလံဝါထောင်ထားတဲ့ အိမ်တွေကိုကူညီပေးနေတဲ့ ပရဟိတ လူငယ်တွေကို အာဏာသိမ်းစစ်ကောင်စီက ဟန့်တားဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့ကဆို စမ်းချောင်းမြို့နယ်မှာ အလံထောင်ထားတဲ့ နေအိမ်တွေအတွက် ဆေးဝါးနဲ့ အစားအသောက်တွေ ကူညီပို့ဆောင်ပေးနေတဲ့ လူငယ်ပရဟိတအဖွဲ့ဝင်တွေကို စစ်ကောင်စီ တပ်သားတွေက နားထင်ကိုသေနတ်နဲ့ထောက်ပြီး ဖမ်းသွားပြီးမှ ပြန်လွှတ်ပေးတဲ့ ဖြစ်စဉ်မျိုး ရှိခဲ့ပါတယ်။

    "သေဆုံးမှုတွေရဲ့အဓိက တရားခံကလည်း အာဏာသိမ်းစစ်ကောင်စီပဲလို့ ကျွန်တော်တို့ ပြောချင်တယ်"

ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့အချိန်မှာတောင် စစ်ကောင်စီရဲ့ ဟန့်တားနှောက်ယှက်မှုတွေကြောင့် အသက်ဆုံးရှုံးသွားသူတွေအတွက်လည်း အာဏာသိမ်းစစ်ကောင်စီမှာပဲ တာဝန်ရှိတယ်လို့ ဒဂုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုမင်းဟန်ထက်က ပြောပါတယ်။

" လောလောဆယ်တော့ ကျွန်တော်တို့က ပြည်သူအချင်းချင်းကူညီတယ်ဆိုတဲ့ နေရာမှာတောင်မှ ဒီ စစ်ကောင်စီက ဝင်ရောက်နှောက်ယှက်တာတွေ၊ ဖမ်းဆီးတာတွေ၊ စေတနာဝန်ထမ်းတွေကို ဝင်ဖမ်းတာတွေ၊ အောက်ဆီဂျင်ကိုသိမ်းတာတွေ၊ တကယ့်ကိုဗျာ အခြေခံ လူ့ကျင့်ဝတ်တောင်မရှိတဲ့ လုပ်ရပ်တွေကို သူတို့အနေနဲ့ ပြောင်းပြောင်တင်းတင်း ကျူးလွန်နေကြတာဗျ။ လူ့အခွင့်အရေးတွေ ချိုးဖောက်နေကြတာ၊ ရာဇဝတ်မှုတွေကျူးလွန်နေကြတာတွေ ရှိတယ်။ အဲဒီလိုမျိုးဆိုတဲ့အတွက် ဒီကိုဗစ် တတိယလှိုင်းမှာ ဒီလိုသေဆုံးမှုတွေ ကိုဗစ်တတိယလှိုင်းပိုပြီး ကြီးမားလာခြင်းပေါ့ဗျာ။ ပြီးတော့ လူတွေသေဆုံးမှုပေါ့၊ အဲဒီဟာမှာ အဓိက တာဝန်အရှိဆုံးက အာဏာသိမ်းစစ်ကောင်စီပဲ။ ပြီးတော့ သေဆုံးမှုတွေရဲ့အဓိက တရားခံကလည်း အာဏာသိမ်းစစ်ကောင်စီပဲလို့ ကျွန်တော်တို့ ပြောချင်တယ် "

အလံထောင်ပြီး အစားအစာနဲ့ ဆေးဝါးအကူအညီ တောင်းကြတဲ့ ပုံစံမျိုးကို ဇူလိုင်လ တတိယပတ်လောက် ကနေစလို့ ပြုလုပ်လာကြတာတွေ့ရပြီး RFA ကပြုစုထားတဲ့စာရင်းအရ ဇူလိုင် ၂၀ ရက် နေ့ကနေ ၂၃ ရက် နေ့အထိ (၄)ရက်အတွင်းမှာတင် ရန်ကုန်မြို့မှာ အကူအညီတောင်းခံတဲ့အိမ်ပေါင်း ၈၃ အိမ်ရှိခဲ့ပေမယ့် မြေပြင်မှာ ဒီထက်ပိုများပြားနိုင်တယ်လို့ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောကြပါတယ်။

RFA Burmese

(ရန်ကုန်မြို့ရှိ နေအိမ်တစ်အိမ်မှာ အလံဖြူထောင်ထားတာကို တွေ့ရစဉ်၊ Photo: CJ)


Covid-19 ကြောင့် အလံဖြူ၊ အလံဝါတွေနဲ့ အကူအညီတောင်းခံနေရ Covid-19 ကြောင့် အလံဖြူ၊ အလံဝါတွေနဲ့ အကူအညီတောင်းခံနေရ Reviewed by THITHTOOLWIN on 23:16 Rating: 5

No comments:

Powered by Blogger.