သျှမ်းပြည် တစ်ချို့မြို့နယ်များ ဆေးဝါးနှင့် ကိုဗစ် ကာကွယ်ရေးသုံးပစ္စည်းများ ဈေးတက်လာ


ကိုဗစ်ကူးစက်မှု မြင့်မားနေသည့် သျှမ်းပြည်တွင် ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် Mask ၊ Hand Gel နှင့် ဆေးဝါးများ ဈေးတက်လာကြောင်း စုံစမ်းသိရှိရသည်။ 

ယခုလ အတွင်း သျှမ်းပြည်အတွင်း ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်လာပြီး ကိုဗစ်ကာကွယ်ရေး ပစ္စည်းများလည်း ရောင်းအားကောင်းလာကာ ဈေးတက်မှုများကို ကြုံတွေ့နေရကြောင်း သိရသည်။

“မြို့မှာဆို ကိုဗစ်ပိုး ကူးတာများနေပြီ၊ တစ်ချို့ဆို ကိုဗစ်လက္ခဏာဖြစ်ပြီး မစစ်ရသေးခင် သေတာတွေ၊ ရုတ်တရက်အသက်ရှူကြပ်ပြီး သေတာတွေလည်း ကြားနေရတာဆိုတော့ အားလုံးက သတိထား ကာကွယ်နေကြပြီလေ၊ အဲ့တော့ Mask ၊ Hand Gel ဈေးတွေလည်း တက်လာတယ်၊ ဒီနေ့မနက်သွားဝယ်တာ Mask အခု (၁၀၀) ပါတဲ့ဟာဆို တစ်ထုပ်ကို ၅၅၀၀၊ ၆၀၀၀ လောက်ထိ ပေးဝယ်နေရပြီ” ဟု ကျောက်မဲဒေသခံများက ပြောသည်။ 

ထို့အပြင် တချို့ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်လုနီးပါး ဖြစ်နေပြီး မှာယူရာမှာလည်း ကြန့်ကြာနေသည်။ ဝယ်ယူမှုများသည့် ဆေးဝါးများမှာ Paracetamol အပါအဝင် အကိုက်အခဲပျောက်ဆေးနှင့် အားဆေးများဖြစ်ကြောင်း သိရသည်။ 

“ဆေးရုံကုသရေးဆောင်မှာနေရတုန်းက ပါရာ(Paracetamol)ပဲ အဓိက သောက်ရတာ၊ ပြီးတော့ အစားကို မှန်မှန်စားပေးရတယ်၊ တစ်ရက်ကို ကြက်ဥ (၂)လုံးနဲ့ ငှက်ပျောသီးတွေ စားပေးရတယ်။ ဆယ်ရက်လောက်နေတော့ ပြန်စစ်ကြည့်တာ ကိုဗစ်ပိုး မရှိတော့ဘူး၊ ခု အိမ်ပြန်ရောက်ပြီး သီးသန့် နေနေတယ်။ မိသားစုတွေကိုတော့ ပါရာရယ်၊ ဓါတ်ဆားရယ်၊ အားဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဝယ်ဆောင်ထားဖို့ ပြောလိုက်လို့ သူတို့လည်း သွားဝယ်ထားပြီ။” သီပေါဆေးရုံမှ ဆေးရုံဆင်းခွင့်ရပြီးသူ အတည်ပြုလူနာ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ကိုးဗစ်ကူးစက်ခံရပြီး ကုသမှုခံယူနေသူတစ်ချို့သည် အောက်ဆီဂျင် အသုံးပြုနေရပြီး အများစုမှာ သက်ကြီးပိုင်းနှင့် ရောဂါအခံရှိသူများ အောက်ဆီဂျင်အသုံးပြုနေရကြောင်း သိရသည်။ 

“အောက်ဆီဂျင်က ရှာရခက်လာပြီ၊ မြို့မှာဆို စက်ရုံကြီးမရှိတော့ တစ်ခြားမြို့ကို ပို့ပြီး ဖြည့်ရတာ၊ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် တစ်မြို့လုံး ဘယ်မှာမှ ရှာလို့ မရတော့ဘူး၊ အဲ့တော့ ကူးစက်လူနာက နေ့တိုင်းတိုးနေပြီး အောက်ဆီဂျင် ခက်ခဲလာတယ်ဆိုတော့ တကယ်ကို စိုးရိမ်စရာပါပဲ” လူမှုကူညီရေးအသင်းသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

သျှမ်ပြည်တွင် ကိုဗစ်အတည်ပြုလူနာနှင့်သေဆုံးလူနာ နေ့စဉ်ရှိနေပြီး ယနေ့ထိ ကိုဗစ်လူနာ (၂၆၀၀)ဝန်းကျင်နှင့် သေဆုံးသူ (၆၀)ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း သိရသည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

သျှမ်းပြည် တစ်ချို့မြို့နယ်များ ဆေးဝါးနှင့် ကိုဗစ် ကာကွယ်ရေးသုံးပစ္စည်းများ ဈေးတက်လာ သျှမ်းပြည် တစ်ချို့မြို့နယ်များ ဆေးဝါးနှင့် ကိုဗစ် ကာကွယ်ရေးသုံးပစ္စည်းများ ဈေးတက်လာ Reviewed by THITHTOOLWIN on 19:53 Rating: 5

No comments:

Powered by Blogger.