ရေဝေး တိုကင်နံပါတ် ၃၁၂

ဇူလိုင် ၁၉ ရက်နေ့ ညနေပိုင်း ရေဝေးသုသာန်

ဇူလိုင်လ ၁၉ ရက် နေ့လယ် တစ်နာရီက ၁၀ ရက်ကျော်ကြာ ကိုဗစ်ရောဂါလက္ခဏာတွေ ခံစားနေရတဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာနေတဲ့ ကိုမောင်လှ အဖေ ဆုံးပါတယ်။

ကိုဗစ် ရောဂါလက္ခဏာတွေ ခံစားပြီး အောက်ဆီဂျင် ရနေရဲ့သားနဲ့ ဆုံးသွားတာလို့လည်း ကိုမောင်လှက ပြောပါတယ်။

"နေ့လယ် ၁၁ နာရီလောက်က အောက်ဆီမီတာလေးနဲ့တိုင်းတာ တိုင်းမရတော့ဘူး၊ နောက်တော့ ကျွန်တော် ဓာတ်ခဲလဲလိုက်တယ်၊ ပြန်တိုင်းတယ်၊ အောက်ဆီဂျင်က ၉၇ အထိ တက်လာတယ် ၊ဒါပေမဲ့ နှလုံးခုန်နှုန်းက ၃၁ အထိ ပြုတ်ကျသွားတယ်၊ သူကတော့ အရမ်းမောနေပြီ၊ အဲ့ဒီနောက် ဆုံးတာပဲ"လို့ သူက ပြောပါတယ်။

ကိုမောင်လှ ရဲ့ အဖေဟာ အသက် ၈၀ ခန့်အရွယ်ရှိပြီး ကိုဗစ်တတိယလှိုင်းကြောင့် လွန်ခဲ့တဲ့ ၁၃ ရက်က ရောဂါ ကူးစက်ခံရအပြီးမှာ သေဆုံးခဲ့ရတဲ့ လူနာတစ်ဦး ဖြစ်ပါတယ်။

သူဟာ ရန်ကုန်က ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု မရသလို ပြင်ပဆေးရုံတွေက လက်မခံတော့တဲ့အတွက် နေအိမ်မှာ ကုသခံနေရတဲ့ ရန်ကုန်က ထောင်ပေါင်းများစွာသော ကိုဗစ်လက္ခဏာတွေ ခံစားနေခဲ့ရတဲ့ လူနာတွေထဲက အသက်သေဆုံးခဲ့တဲ့ လူနာတစ်ဦးဖြစ်ပါတယ်။

သင်္ဂြိုဟ်ဖို့တောင် တန်းစီနေရ

အစိုးရရဲ့ တရားဝင်စာရင်းတွေအရတော့ ဇူလိုင်လ ၁၈ ရက်နေ့ က ကိုဗစ်ရောဂါကြောင့်သေဆုံးသူ ၂၃၁ ဦးရှိခဲ့ပြီးတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၀၀၀ ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သူ့အဖေ ဆုံးသွားပြီဆိုတာ ကိုယ်ဘာသာကိုယ် သိပေမဲ့ သေဆုံးတယ် ဆိုတာကို ဆရာဝန်က အတည်ပြုဖို့ ဒေသန္တရ ဆေးခန်းကို ကိုမောင်လှ ဖုန်းဆက်ပါတယ်။

ဆရာဝန် အိမ်ကိုလာပြီး လူနာသေဆုံးကြောင်း အတည်ပြုပေးဖို့ ပြောတဲ့အခါ သူ့ကို ရင့်ရင့်သီးသီး ဆဲဆိုတယ်လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ ဒေသန္တရ ဆေးခန်းဘက်ကို မေးမြန်း အတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။

ရန်ကုန်မြို့က နေအိမ်တွေမှာ သေဆုံးခဲ့တဲ့သူတွေအတွက် အခုလက်ရှိမှာ ဆရာဝန်ရဲ့ သေစာရင်းလက်မှတ် ရဖို့ကိုလည်း အခက်ကြုံနေရပြီး အချိန်ကြန့်ကြာတာတွေလည်း ရှိနေပါတယ်။

"ကျွန်တော့်အစ်မက ညက ဆုံးတယ်။ လူနာတင်ကားရော နိဗ္ဗာန်ယာဉ်ရော ခေါ်လို့မရဘူး။ အိမ်မှာလည်း body ကို တစ်ည ထားရတာပေါ့။ ဒီနေ့ မနက်မိုးလင်းတော့ မြေချဖို့အတွက် သေစာရင်း လိုက်လုပ်တော့ သူပြနေကျ ဆေးခန်းတွေလည်း တစ်ခုမှ မဖွင့်ဘူး။ အနီးနားက ဆေးခန်းတစ်ခုကျတော့လည်း အထွေထွေကုဆရာဝန်တွေ မထိုင်ဘူး။ အိုဂျီ(သားဖွားမီးယပ်) ပဲရှိတယ်။ အိုဂျီကလည်း သေစာရင်းပေးလို့မရဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ဘယ်လိုလုပ်ရမလဲမသိဘူး။ တော်တော်လေး အခက်တွေ့ပါတယ်။ အိမ်မှာလည်း အလောင်းက ဒီတိုင်း။ ကိုယ့်လူကိုလည်း ဘယ်ကိုမှ ပို့မရဖြစ်နေတာ။ အဲဒီမှာမနက် ၁၀ နာရီ မထိုးခင်လောက်ကျတော့ ရပ်ကွက်ထဲက ချိတ်ဆက်ထားတဲ့ ပရဟိတအသင်းကနေ ရုပ်အလောင်းကို လာသယ်တော့ သူတို့ဆီမှာ အသင်းနဲ့ ချိတ်ဆက်ထားတဲ့ ဆရာဝန်လည်း ရှိတယ်ဆိုတော့ အဲဒီဆရာဝန်ကနေ နောက်ဆုံးမှာ အတည်ပြုပေးပြီး သေစာရင်း ထုတ်ပေးလိုက်တာပေါ့။ အဲဒီသေစာရင်းရမှ ကျွန်တော်တို့က ဒေသန္တရကျန်းမာရေးကို သွားရပါတယ်။ အဲဒီမှာ ဆရာဝန်ရဲ့ လက်မှတ်နဲ့ သေစာရင်းပြတော့ သင်္ချိုင်းလက်မှတ်ကို ရတယ်။ အဲဒီနှစ်ခုပါတော့မှ အလောင်းကိုသယ်ပြီး ကျီစုသုသာန်ကို သွားရတာပေါ့" လို့ သေစာရင်းရဖို့ အခက်ကြုံခဲ့ရတဲ့ သာကေတမြို့နယ်က မိသားစုဝင်တစ်ဦးက ပြောပြပါတယ်။

ရေဝေးမှာသင်္ဂြိုဟ်ရမဲ့ ကိုမောင်လှရဲ့ အဖေကတော့ သေဆုံးကြောင်း ထောက်ခံစာကို သူ့ကို ကုသပေးနေတဲ့ ဆရာဝန်ဆီကနေ နေ့လယ် ၂ နာရီကျော်လောက်မှကိုမောင်လှ ရရှိပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ ရေဝေးသုသာန်မှာ တန်းစီနေတဲ့ နာရေးကားများ

သတ်မှတ်တဲ့ ရေဝေးသုသာန်ဆီ အလောင်းကို နေအိမ်ကနေ ပို့ဖို့ ရပ်ကွက် နာရေးကူညီတဲ့ အသင်းကနေ ကားအကူအညီ ရပါတယ်။

ကားအကူအညီရပေမဲ့ အလောင်းကို သယ်မယ့်သူ မရှိလို့ အိမ်ပေါ်ကနေ မိသားစုတွေကပဲ ဝိုင်းပြီး ဖြစ်သလိုသယ်ခဲ့ရပါတယ်။

"အရင်လို ရပ်ကွက်က ဆိုက်ကားဆရာတွေကို ပိုက်ဆံပေးခိုင်းဖို့ ရှာတာ မရဘူး။ သူတို့အများစုက အောက်စီဂျင်တန်းစီတဲ့နေရာမှာ တစ်ရက်ကို ကျပ် နှစ်သောင်းလောက်ရတဲ့ လူစားအလုပ် လုပ်ဖို့ ရောက်နေကြတယ် "လို့ သူကပြောပါတယ်။

"မိသားစုဝင်ထဲက ညီမရဲ့ အမျိုးသားက ဝိုင်းမသယ်ချင်ဘူး။ ကျွန်တော်တို့က‌တော့ အဖေဖြစ်နေလို့ ဘာပဲ ဖြစ်ဖြစ်ဆိုပြီး သယ်ရတာ၊ PPE တွေ ဘာတွေ ဘယ်ပါမလဲဗျာ လို့ ကိုမောင်လှကပြောပါတယ်။

ဒီကနေ့ မနက်က သာကေတ ကျီစုသုသာန်ကို သွားပြီး သင်္ဂြိုဟ်သူ နာရေးရှင်မိသားစုဝင်တစ်ဦးကလည်း သေဆုံးကြောင်းလက်မှက်ရဖို့ အခက်အခဲတွေ့ခဲ့တဲ့အကြောင်း နီးစပ်ရာဆရာဝန်တစ်ဦးကသာ သေဆုံးကြောင်း အတည်ပြုပေးလို့သင်္ဂြိုဟ်ခွင့်ရခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။

နာရေးကူညီမှု အသင်းတချို့ကတော့ မနေ့က ဇူလိုင် ၁၈ ရက်နေ့က ဖုန်းဆက်ပြီး လာသယ်ဖို့ ပြောထားတဲ့ နေအိမ်တွေမှာ သေဆုံးနေခဲ့သူ အလောင်းတွေကို ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့အထိ ဆက်သယ်နေရဆဲ ဖြစ်ပါတယ်။ ကားတစ်စီးကို တစ်လောင်းသာ တင်ဖို့ တောင်းဆိုပေမဲ့ တန်းစီစောင့်ရတဲ့ အခက်အခဲကြောင့် ကားတစ်စီးကို ၃ လောင်းအထိ သယ်နေရတယ်လို့လည်း သူက ပြောပြပါတယ်။

"ရေဝေးရောက်တော့ ညနေ ၅ နာရီလောက် ရှိပြီ၊ ဝန်ထမ်းတွေက သေဆုံးကြောင်းလက်မှတ် တောင်းတယ်၊ ကာယကံရှင် လက်မှတ်ထိုးရတယ်၊ အလောင်းကတော့ ကားပေါ်မှာပဲ၊ကျွန်တော်တို့ကလည်း အိမ်ကကားနဲ့ စောင့်နေရတယ်၊ ဒီကနေ့ သင်္ဂြိုဟ်မဲ့ အဖေရဲ့ တိုကင်နံပါတ်က ၃၁၂ လို့ပေးတယ်"လို့ ကိုမောင်လှကပြောပါတယ်။

"အလောင်း အများစုက အခေါင်း မထည့်နိုင်ကြတော့ဘူး။ အခေါင်းလည်းမရှိတော့ဘူး"

ရေဝေး ကားပါကင်မှာ ကားတွေပြည့်နေပေမဲ့ မီးသင်္ဂြိုဟ်မဲ့နေရာ ကို အရင်လို စုပြုံပြီး မတိုးရအောင် လုပ်ထားတယ်လို့လည်း သူကပြောပါတယ်၊

အဖေ့နောက်က အလောင်းတွေ ထပ်ရောက်လာတော့ အခုဆိုရင် အလောင်း တိုကင်နံပါတ်က ၃၅၀ ကျော်လာပြီ၊ ၄၀၀ နားရောက်လိမ့်မယ် ထင်တယ်လို့လည်း သူကပြောပါတယ်။

ရေဝေးသုသာန်ဟာ အရင်က သေဆုံးသူ ၅၀ နဲ့ ၁၀၀ ကြား နေ့စဉ် မီးသင်္ဂြိုဟ်လေ့ရှိပေမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာတော့ ရောက်လာတဲ့ အလောင်းတွေက ၃၅၀ ကျော်လောက် ရှိတယ်လို့ ဆိုပါတယ်။

ရောဂါကြောင့် သေဆုံးရတယ်ဆိုပေမဲ့ မသေခင် အောက်ဆီဂျင်ရဖို့ တစ်မြို့လုံးပတ်ပြီး လိုက်ရှာခဲ့ရတယ် လို့ သူကပြောပါတယ်၊

မနေ့ကတော့ အောက်ဆီဂျင် တစ်အိုး ၂ သိန်းရှစ်သောင်းနဲ့ ရလာလို့ သူရှူရသေးတယ်လို့လည်း သူကပြောပါတယ်။

ရန်ကုန်မြို့မှာ နေအိမ်တွေမှာ အခုလို ကူသူကယ်သူမဲ့ပြီး ကိုဗစ်ရောဂါလက္ခဏာတွေနဲ့ သေဆုံးခဲ့သူတွေ ရှိနေပေမဲ့ ည ၈ နာရီမှာ ထုတ်ပြန်တဲ့ ကိုဗစ်ကြောင့် သေဆုံးတဲ့လူနာ စာရင်းမှာ အဲဒီလူတွေ ပါလေ့ မရှိဘူးလို့ ရန်ကုန်ဒေသခံတွေက ပြောပါတယ်။

တကယ်သေနေတဲ့ စာရင်းက အစိုးရထုတ်ပြန်တဲ့ စာရင်းကို ၅ နဲ့မြှောက်ရလိမ့်မယ်လို့ ကိုမောင်လှက သူ့အမြင်ကိုပြောပါတယ်။

"ရောဂါဖြစ်လို့ ဆေးရုံလည်းတက်ခွင့်မရ၊ ကုပေးတဲ့ ဆရာဝန်ကလည်းမရှိ၊ သေတော့လည်း အခေါင်းတောင် မပါဘဲ သင်္ဂြိုဟ်နေရတာတွေ တွေ့ရတော့ ရင်နာတယ်"လို့ ကိုမောင်လှက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-57892179

ရေဝေး တိုကင်နံပါတ် ၃၁၂  ရေဝေး တိုကင်နံပါတ် ၃၁၂ Reviewed by THITHTOOLWIN on 23:11 Rating: 5

No comments:

Powered by Blogger.