အိမ်ပြင်မထွက်ရကန့်သတ်ချက်ကြား ရန်ကုန်နဲ့ဒေသတချို့ ဆန္ဒပြမှုဆက်ရှိ

နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးနဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကလေးမြို့ ဆန္ဒပြပွဲ။ (ဇူလိုင် ၂၄၊ ၂၀၂၁)

COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ဖို့အတွက်ဆိုပြီး ဇူလိုင်လ ၁၇ ရက် နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ကြားမှာပဲ ရန်ကုန်အပါအဝင် ဒေသတချို့မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။

ရန်ကုန်၊ စမ်းချောင်းအရပ်မှာ လူငယ်တွေစုဝေးပြီး ဒီကနေ့ ကြွေးကျော် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းထဲက နေ့စဉ်လို ဆန္ဒပြပွဲတွေရှိနေတဲ့ ကလေးမြို့နယ်၊ ဆားလင်းကြီး၊ ယင်းမာပင်အရှေ့ပိုင်း စတဲ့အရပ်တွေမှာ ဒီကနေ့လည်း ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။

နေ့စဉ်မပြတ် တနည်းမဟုတ်တနည်းနဲ့ ဆန္ဒပြနေကြတဲ့ မန္တလေးနဲ့ မုံရွာတို့မှာလည်း သပိတ်စစ်ကြောင်း အသီးသီးထွက်ခဲ့ကြပါတယ်။

စစ်တပ်က အကြမ်းဖက် ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးတာတွေကြောင့် ည ၈ နာရီမှာ သံပုံး အိုးခွက်တွေတီးပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသတာတွေ မကြာသေးခင်က အရှိန်လျော့သွားခဲ့ပေမယ့် မနေ့က အင်းစိန်ထောင်တွင်း ဆန္ဒပြပွဲဖြစ်ခဲ့ပြီးတဲ့နောက် ညဘက်မှာ ရန်ကုန်မြို့အနှံ့ သံပုံး အိုးခွက် တီးသံတွေ ပြန်ကြားခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ချိန်ကနေ ဇူလိုင်လ ၂၃ ရက်နေ့ အထိဆိုရင် စစ်တပ်နဲ့ရဲက ပစ်ခတ် အကြမ်းဖက် ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးတာကြောင့် သေဆုံးသူ ၉၃၁ ယောက် ရှိပြီဖြစ်ပြီး အဖမ်းခံထားရသူပေါင်းက ၅,၃၆၀ နီးပါး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/myanmar-military-coup-protests-kalay-yangon-making-noise-/5977684.html

အိမ်ပြင်မထွက်ရကန့်သတ်ချက်ကြား ရန်ကုန်နဲ့ဒေသတချို့ ဆန္ဒပြမှုဆက်ရှိ အိမ်ပြင်မထွက်ရကန့်သတ်ချက်ကြား ရန်ကုန်နဲ့ဒေသတချို့ ဆန္ဒပြမှုဆက်ရှိ Reviewed by THITHTOOLWIN on 21:29 Rating: 5

No comments:

Powered by Blogger.