မြန်မာ ကိုဗစ်အခက်အခဲ နိုင်ငံတကာကူညီကြဖို့ ဆေးကျောင်းသမဂ္ဂတွေ တောင်းဆို

မြန်မာ ကိုဗစ်အခက်အခဲ နိုင်ငံတကာကူညီကြဖို့ ဆေးကျောင်းသမဂ္ဂတွေ တောင်းဆို

မြန်မာနိုင်ငံတွင်း လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုဗစ်တတိယလှိုင်းကြောင့် နေ့စဉ်နဲ့အမျှ လူသေဆုံးမှု များလာနေတဲ့အတွက် မြန်မာပြည်သူတွေလွတ်လပ်စွာ ဆေးကုသခွင့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အကူအညီပေးကြဖို့ဆေးနဲ့ ဆေးနှီးနွယ် ကျောင်းပေါင်း (၁၆) ကျောင်းကကျောင်းသားသမဂ္ဂတွေက ဇူလိုင်လ(၂၃)ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ အခုလို ကပ်ရောဂါကျရောက်နေချိန်မှာ CDM လုပ်ရင်း ဆေးကုသပေးနေတဲ့ ဆရာဝန်တွေ အဖမ်းခံရတာမျိုး ၊ ထောင်တွင်းက အကျဉ်းသားတွေ ဆေးကုသခွင့် ဆုံးရှုံးနေတာမျိုးဟာ လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပြည်သူတွေ အလုပ်အကိုင်ရှားပါးမှု၊ စားနပ်ရိက္ခာနဲ့ ငွေကြေး အခက်အခဲတွေပါ ကြုံလာရပြီး၊ လတ်တလော ကိုဗစ် တတိယလှိုင်းမှာလူသားတိုင်းရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူပိုင်ခွင့်ကို ကန့်သတ် ငြင်းပယ်ခံနေရတာတွေဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုတရပ် ဖြစ်တယ်လို့ဆေးနဲ့ ဆေးနှီးနွယ် ကျောင်းပေါင်း (၁၆) ကျောင်းက ကျောင်းသားသမဂ္ဂတွေက ဇူလိုင်လ (၂၃)ရက် သောကြာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်အစမှာ ဖေါ်ပြထားတာပါ။

အခုလို ကြေညာချက် ထုတ်ပြန်ရတာနဲ့ ပတ်သက်လို့ဆေးနဲ့ ဆေးနှီးနွယ် ကျောင်းသားသမဂ္ဂ(၁၆)ဖွဲ့ရဲ့ ပြောခွင့်ရသူ ရန်ကုန်ဆေးတက္ကသိုလ်(၂) ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဥဂ္ဂါမြတ်က VOA ကို ရှင်းပြပါတယ်။

" ဒီလိုတောင်းဆိုရတဲ့ အကြောင်းရင်းကတော့ (၃)ချက်ရှိပါတယ်။ ပထမ တချက်က ကျနော်တို့မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းအခြေအနေတွေက တော်တော် ဆိုးဝါးတာပေါ့နော်။ ဒီလို ဆိုးဝါးလာတဲ့ အကြောင်းရင်းကလည်း ကျနော်တို့အခု အာဏာသိမ်းထားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဒီရောဂါအခြေအနေက ဒီလောက်ထိ ဆိုးလာတဲ့ အကြောင်းအရာတချက် ပါတယ်ခင်ဗျ။ နောက် နံပါတ်နှစ် အချက်က CDM လှုပ်ရှားမှုမှာပါတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီး ရိုက်နှက်တာတွေ ၊ နောက်ဆုံး သတ်ဖြတ်တဲ့ အခြေနေတွေအထိ ရှိခဲ့တယ်ပေါ့နော်။ နောက်ဆုံးတချက်က ဘာလဲဆိုတော့ ခုဆိုရင် နိုင်ငံနဲ့အဝှမ်းမှာ ကိုဗစ်က ပျံ့နှံ့နေတဲ့အပြင် အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆီမှာလည်း ဒီကိုဗစ်-19 ရောဂါက အဆမတန် ပျံ့နှံ့ နေတယ်ပေါ့နော်။ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရတဲ့ လူတွေက ကိုဗစ်-19 နဲ့ပတ်သက်ပြီးတော့ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အစီအစဉ်တွေ မရပဲနဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိနေတယ်ပေါ့နော်။ ဒီအချက် ၃ ချက်အပေါ် အကြောင်းရင်းခံပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုစာ ပေးပို့ထားတာပါဗျ။ "

မြန်မာပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေကို နိုင်ငံတကာက ကိုယ်တိုင်သိမြင်မှသာ လက်တွေ့ ကူညီမှုတွေ ရရှိလာစေဖို့ ရည်ရွယ်တယ်လို့လည်း ကိုဥဂ္ဂါမြတ်က ပြောပါတယ်။

" အဓိကတော့ ကျနော်တို့ လက်ရှိအခြေအနေက အလွန်ဆိုးရွားနေတဲ့ အခြေအနေတခု ရောက်နေပြီပေါ့။ ရောက်နေတဲ့ အခါကျတော့ ကျနော်တို့အနေနဲ့လည်း ဒီတော်လှန်ရေးကာလမှာ ဒီစစ်အာဏာသိမ်းမှုနဲ့အတူ ဒီလိုမျိုး ကိုဗစ်ရောဂါကို အလူးအလဲ ခံစားနေရတာ ဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ ဒီလိုဒုက္ခတွေကို သူတို့ကိုယ်တိုင် သိမြင်နိုင်ပြီးတော့မှ သူတို့အနေနဲ့ ထိရောက်တဲ့ကူညီမှုမျိုးတွေ ပေးအပ်နိုင်အောင်အတွက် ကျနော်တို့ ရည်ရွယ်တာပါ။"

ဒါကြောင့် မြန်မာပြည်သူတွေအတွက်ရော ၊ ထောင်တွင်းက အကျဉ်းသားတွေအတွက်ပါအချက်(၄)ကို ကူညီဖြေရှင်းပေးဖို့ နိုင်ငံတကာကို တောင်းဆိုလိုက်တယ်လို့ ကိုဥဂ္ဂါမြတ်က ပြောပါတယ်။

" ပထမတချက်က ကျန်းမာရေးဝန်ထမ်းတွေကို လိုက်လံဖမ်းဆီး နှိပ်စက်တာတွေကို သူတို့အနေနဲ့ မကျူးလွန်ဖို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေ အခု လတ်တလော ပြည်သူလူထုကို ပေးအပ်နေတဲ့ လွတ်လပ်စွာ ကျန်းမာရေးစောင့်ရှောက်မှုကို သူတို့အနေနဲ့ မပိတ်ပင်ဖို့ပေါ့နော်။ နံပါတ် ၂ က ပြည်သူလူထုကလည်း အခုလို ကိုဗစ်-19 ကပ်ရောဂါ တတိယလှိုင်း ပြင်းထန်နေတဲ့အချိန်မှာ သူတို့ရဲ့အခြေခံ ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ဆေးကုသမှု ရယူနိုင်ခွင့်ပေ့ါနော်။ အဲဒီဟာကို သူတို့ ပိတ်ပင်နေတဲ့ဟာကို ရပ်တန့်ဖို့ ကျနော်တို့ တောင်းဆိုတယ်။ နံပါတ် ၃ က နိုင်ငံတကာ အကျဉ်းထောင်ဆိုင်ရာ ၊ အကျဉ်းသားဆိုင်ရာ အခွင့်အရေးတွေကို စစ်ကောင်စီအနေနဲ့ လိုက်နာပြီးတော့မှ လိုအပ်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရရှိဖို့အတွက် ကျနော်တို့တောင်းဆိုထားတယ်။ နောက်တခုက အကျဉ်းထောင်မှာ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုနဲ့ ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့နေမှုကိုပေါ့နော် ကုလသမဂ္ဂနဲ့ ဆက်စပ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက နေပြီးတော့ ၊ သေချာပေါ့နော် လာရောက်ကြည့်ရှု စစ်ဆေးမှတ်တမ်းတင်ပြီးတော့ လိုအပ်သလို အကူအညီတွေ ပေးနိုင်ဖို့အတွက် နောက်ဆုံးအချက်အနေနဲ့ ကျနော်တို့ တောင်းဆိုထားပါတယ်။"

သူတို့ထုတ်ပြန်တဲ့ ကြေညာချက်ကို ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတဲရက်စ်၊ WHO ကမ႓ာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒ်ရို့စ် အက်ဒါနွန်း ဂေဘရီယေးဆု့စ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီး မစ္စ မီရှဲ ဘတ်ချာလက်နဲ့ ကုလ လုံခြုံရေးကောင်စီ၊ ICRC ကြက်ခြေနီ ၊ အမေရိကန်ဆီးနိတ် စတဲ့ အဖွဲ့အစည်းကြီးတွေကို တိုက်တွန်းတောင်းဆိုစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆေးနဲ့ဆေးနှီးနွယ် ကျောင်းပေါင်း (၂၆)ကျောင်းရှိပြီး အရေးပေါ်အခြေအနေကြောင့် အဲဒီကျောင်းတွေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ (၁၆)ကျောင်းက ကျောင်းသားသမဂ္ဂတွေစုပေါင်းပြီး ဒီကြေညာချက် ထုတ်ပြန်လိုက်ရတာလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ တိုင်းပြည်အတွက် အရေးပေါ် အခြေအနေအဆင့် မကတော့ဘဲ ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းချောက်လာနေပြီဖြစ်တာကြောင့် နိုင်ငံတကာက ချက်ခြင်း ကြားဝင်ဆောင်ရွက်ပေးဖို့ MedAid International Foundation, Inc. နိုင်ငံတကာရောက် မြန်မာကျန်းမာရေး အဖွဲ့အစည်း ၂၇ ဖွဲ့ကလည်း ဇူလိုင်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။



ဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/medical-students-call-un-international-to-help-myanmar/5977208.html

မြန်မာ ကိုဗစ်အခက်အခဲ နိုင်ငံတကာကူညီကြဖို့ ဆေးကျောင်းသမဂ္ဂတွေ တောင်းဆို မြန်မာ ကိုဗစ်အခက်အခဲ နိုင်ငံတကာကူညီကြဖို့ ဆေးကျောင်းသမဂ္ဂတွေ တောင်းဆို Reviewed by THITHTOOLWIN on 21:27 Rating: 5

No comments:

Powered by Blogger.