G-7 ထိပ်သီးစည်းဝေးမှု မြန်မာ့အရေး ထည့်သွင်းဆွေးနွေးဖွယ်ရှိ

G-7 ထိပ်သီးအစည်းအဝေး တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်များ။ (ဇွန် ၁၁၊ ၂၀၂၁)

ဗြိတိန်နိုင်ငံ Cornwall မြို့မှာ ကျင်းပနေတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ G-7 ထိပ်သီးအစည်းအဝေးမှာ ဒီကနေ့ဆွေးနွေးမယ့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အစီအစဉ်ထဲ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကြဖို့ ရှိပါတယ်။

ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုက ခေါင်းဆောင်တွေရဲ့ ဒီထိပ်သီးအစည်းအဝေးအတွင်း ဘဲလာရုစ်နိုင်ငံမှာ ဒီမိုကရေစီရေး တောင်းဆိုတဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းဖြိုခွဲတာ၊ ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ ဆက်ဆံရေး တင်းမာနေတဲ့ အခြေအနေတွေနဲ့အတူ မြန်မာ့အရေးကိုလည်း ထည့်သွင်း ဆွေးနွေးကြမှာပါ။

သြစတြေးလျ၊ တောင်အာဖရိကနဲ့ တောင်ကိုရီးယားနိုင်ငံတွေက ခေါင်းဆောင်တွေ လူကိုယ်တိုင် တက်ရောက်ပြီး နိုင်ငံခြားရေးမူဝါဒဆိုင်ရာနဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေကို G-7 ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြမှာဖြစ်သလို အိန္ဒိယခေါင်းဆောင်ကတော့ အွန်လိုင်းကနေ အစည်းအဝေး တက်ရောက်မှာ ဖြစ်ပါတယ်။

G-7 နိုင်ငံတွေထဲမှာ ဗြိတိန်၊ ကနေဒါနဲ့ အမေရိကန်တို့က မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူမှုတွေ သီးခြားစီ ချမှတ်ထားပါတယ်။

ပြင်သစ်၊ ဂျာမနီနဲ့ အီတလီတို့က ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပြီး EU အနေနဲ့ ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှု အစီအစဉ်ထဲမှာ ပါဝင် လုပ်ဆောင်ထားပါတယ်။

ဂျပန်နိုင်ငံကတော့ သီးခြား ဒဏ်ခတ်အရေးယူမှု ချမှတ်ထားတာမရှိဘဲ မြန်မာနိုင်ငံကို အစဉ်အဆက် ပေးလာတဲ့ အကူအညီတွေ နောက်ထပ် မပေးတော့ဘဲ ဆိုင်းငံ့ထားမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာအနေနဲ့ လက်နက်ခဲယမ်း ရောင်းချတာ ပိတ်ပင်တားမြစ်ဖို့ တောင်းဆိုတာတွေ ရှိထားပေမယ့်လည်း အခုချိန်ထိတော့ အဲဒီလို အရေးယူမှုမျိုးကို တညီတညွတ်တည်း ချမှတ်နိုင်တာ မရှိသေးပါဘူး။

မြန်မာစစ်ကောင်စီအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တညီတညွတ်တည်း ဆန့်ကျင်ကြောင်း ပြသကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/g7-summit-myanmar/5926292.html

G-7 ထိပ်သီးစည်းဝေးမှု မြန်မာ့အရေး ထည့်သွင်းဆွေးနွေးဖွယ်ရှိ G-7 ထိပ်သီးစည်းဝေးမှု မြန်မာ့အရေး ထည့်သွင်းဆွေးနွေးဖွယ်ရှိ Reviewed by THITHTOOLWIN on 20:35 Rating: 5

No comments:

Powered by Blogger.