ရန်ကုန် နေရာသုံးခုမှာ ဗုံး ခြောက်လုံးပေါက်ကွဲ


ရန်ကုန်တိုင်း တာမွေမြို့နယ် ဗညားဓလလမ်းမကြီး သီတာလမ်းမှတ်တိုင်အနီး ၁၄၇ လမ်းထိပ်က မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးရှေ့မှာ ရပ်ထားတဲ့ စစ်ကားတစ်စီးအနီး ဇွန် ၁၈ ရက် ဒီနေ့ညနေ ၃ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ ဗုံးပေါက်ကွဲမှုဖြစ်တာကြောင့် စစ်ကား မီးလောင်ပျက်စီးခဲ့တယ်လို့ အခင်းဖြစ်နေရာ အနီးမှာ ရှိနေတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူအချို့ ရှိတယ်လို့လည်း အခင်းဖြစ်နေရာ အနီးမှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အသံတော်တော်ကျယ်တယ်။ ညီမတို့နဲ့က နီးတဲ့အခါကျတော့ အိမ်တွေတောင် နည်းနည်းတုန်တယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူတွေရှိတယ်လို့ သိရတယ်။ လူနာတင်ကားသံတွေလည်းကြားရတယ်”

ထိခိုက်ဒဏ်ရာ ရသူအရေအတွက်နဲ့ ပတ်သက်လို့ အရေအတွက်ကို မသိရသေးဘူးလို့လည်း သူကဆိုပါတယ်။

ကျူးဘားတော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် တာမွေမြို့နယ်မှာ လူငယ် တွေက အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နောက်ပိုင်းကပင် အဲဒီစစ်ကားဟာ သီတာလမ်းမှတ်တိုင်အနီးမှာ အမြဲတမ်း ရပ်ထားလေ့ရှိတယ်လို့ ဖြစ်စဉ်အနီး နေထိုင်သူတွေက ပြောပါတယ်။

ယခင်ရက်တွေက စစ်ကားပေါ်မှာ စစ်သားအနည်းဆုံး ၁၀ ဦး ဝန်းကျင်အထိ ရှိတတ်ပြီး ဒီနေ့ ပေါက်ကွဲမှု ဖြစ်တဲ့ အချိန် အဲဒီစစ်ကားပေါ်မှာ စစ်သားတွေရှိ၊ မရှိ မသိရပေမယ့် လူနာတင်ယာဉ်တွေ ရောက်လာတာ ကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ခန့်မှန်းကြပါတယ်။

တစ်ချိန်တည်းမှာပဲ တာမွေမြို့နယ် ၁၅၅ လမ်းထိပ်မှာလည်း တက္ကစီ အငှားယာဉ်တစ်စီးပေါ် ဗုံးပေါက်ကွဲခဲ့ပြီး အရပ်သားနှစ်ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဒီနေ့ နေ့လယ်ပိုင်းမှာလည်း လှိုင်သာယာမြို့နယ် မြို့တော်ခန်းမအနီးမှာ ဗုံးလေးလုံး ပေါက်ကွဲ ခဲ့တယ်လို့ လှိုင်သာယာမြို့ခံတစ်ဦးက RFAကို ပြောပါတယ်။

အဲဒီ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။

RFA Burmese



ရန်ကုန် နေရာသုံးခုမှာ ဗုံး ခြောက်လုံးပေါက်ကွဲ ရန်ကုန် နေရာသုံးခုမှာ ဗုံး ခြောက်လုံးပေါက်ကွဲ Reviewed by THITHTOOLWIN on 06:34 Rating: 5

No comments:

Powered by Blogger.