ညောင်လှစံပြရွာထဲ စစ်ကောင်စီတပ် နေအိမ်အချို့ကို ဖျက်ဆီး

ညောင်လှစံပြရွာထဲ စစ်ကောင်စီတပ် နေအိမ်အချို့ကို ဖျက်ဆီး ဒီပဲယင်းမြို့နယ် ညောင်လှစံပြရွာက နေအိမ်တချို့ကို ၂၀၂၁ ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်တပ် ဝင်ရောက်ဖျက်ဆီးစဉ် / Photo CJ

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ညောင်လှစံပြကျေးရွာထဲကို ဒီကနေ့ ဇွန် ၁၅ ရက် နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ ကား ၁၂ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီး လူနေအိမ်အချို့ကို ဖျက်ဆီးသွားသလို အရပ်သားအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်သားနဲ့ရဲ အင်အား ၂၀၀ ဝန်းကျင် ဝင်ရောက်လာတာကြောင့် ရွာထဲက အရပ်သားအားလုံးနီးပါးဟာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်မတို့ရွာမှာ နေ့တိုင်း ညသပိတ်တွေလုပ်တယ်။ အာဏာရှင်တွေကို တိုက်ထုတ်တဲ့နေရာမှာ အား မလျော့ဖို့ ကြွေးကြော်သံတွေလုပ်တယ်။ အဲဒါကြောင့် စစ်တပ်နဲ့ ရဲက ဒီကနေ့ ရွာထဲဝင်လာတာ။ ရွာထဲက နေအိမ်အချို့ ဖျက်ဆီးခံလိုက်ရတယ်။ ရွာသားတချို့လည်း ဖမ်းခံလိုက်ရတယ်လို့ သိရတယ်” လို့ သူက ပြောပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ နေအိမ်အချို့ဟာ ညသပိတ်တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင် နေသူတွေရဲ့ နေအိမ်တွေဖြစ်တာကြောင့် စစ်တပ်နဲ့ ရဲဟာ သတင်းအတိအကျရလို့ အခုလို ရွာထဲကို ဝင်ပြီး စီးနင်းခဲ့တာဖြစ်နိုင်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။ ဖမ်းခံလိုက်ရတဲ့သူ အရေအတွက်နဲ့ နာမည်တွေ ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒီပဲယင်းနဲ့ ၁၀မိုင်ခန့်ဝေးတဲ့ ညှောင်လှကျေးရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး CDM ဝန်ထမ်း ၁၀၀ ကျော်ရှိတယ်လို့ CDM လုပ်ထားတဲ့ ရွာသားတစ်ဦးကလည်း RFA ကို ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/soldiers-destroy-house-in-nyaung-hla-village-06152021083509.html 

ညောင်လှစံပြရွာထဲ စစ်ကောင်စီတပ် နေအိမ်အချို့ကို ဖျက်ဆီး ညောင်လှစံပြရွာထဲ စစ်ကောင်စီတပ် နေအိမ်အချို့ကို ဖျက်ဆီး Reviewed by THITHTOOLWIN on 21:16 Rating: 5

No comments:

Powered by Blogger.