မိုးမောက်ဘက်မှာ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်အနီးမှာ စစ်တပ်ယာဉ်တန်းကို ကချင်လက်နက်ကိုင်အဖွဲ့ KIA က နေရာ နှစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေက တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မိုးမောက်မြို့နယ် မြို့သစ်၊ စီဟတ်၊ ကုန်းလောဘက်တွေမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့လည်း အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တာကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေ နေရပ်မပြန်နိုင်ဖြစ်နေသလို နေထိုင်ရေးအတွက်လည်း အခက်အခဲရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုသိန်းထိုက်ဦးက ပြောပြပါမယ်။

မိုးမောက်မြို့နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲဟာ ဒီမနက် ဗန်းမော်ဘက်ကလာတဲ့ စစ်ယာဉ်တန်းကို ဗန်းမော်- မြစ်ကြီးနားလမ်း၊ ဒေ့ါဖုန်းယန်နဲ့ လဂျားယန်အနီး နှစ်နေရာကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အကြောင်း ဒေသခံတဦးက VOA ကိုပြောပါတယ်။

“ဒီနေ့ ကား ၇ စီးတက်လာတာ။ နေ့လည် ၁၀ နာရီ၊ ၁၁ နာရီလောက်မှာ ဒေါ့ဖုန်းယန်အောက် ရင်ကွဲတောင်မှာ KIA ဝင်တိုက်တာလေ။ ၁၂ နာရီနောက်ပိုင်းမှာ လဂျားယန်ပြန်ရောက်တဲ့အခါ ဟိုမှာ ပြန်တိုက်တာလေ။ နာရီ ဝက်လောက်တော့ ဖြစ်တယ်လို့ ပြောတယ်။ နာရီဝက်လောက် တိုက်ပွဲဖြစ်တဲ့အခါကျတော့ တော်တော်လေးကတော့ ထိတယ်လို့တော့ ပြောပါတယ်။”

စစ်ယာဉ်တန်းမှာ လူနဲ့ ရိက္ခာတွေ သယ်ဆောင်လာတာဖြစ်ပြီး တပ်မတော်ထိန်းချုပ်ရာ ခရာဘွမ်ကို ပို့ဆောင်ဖို့ ဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲဖြစ်တယ်ဆိုတာ သိရပေမဲ့ အသေးစိတ် သတင်းမရသးဘူးလို့ ပြောပါတယ်။

“ခုထက်ထိကတော့ သိပ် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းကတော့ မကြားရပါဘူး။ ဒီမနက်ပဲပေါ့နော် ကြားဖြတ်တိုက်ပွဲတွေပေါ့၊ အဲဒါ ဖြစ်တယ်ဆိုတာတော့ ကြားပါတယ်။ ဒါပေမဲ့ မြေပြင်သတင်းတွေကတော့ ဘာမှ မကြားသေးပါဘူး။ ကြားတာကတော့ ဒီ မိုးလွဲချောင်းနဲ့ နားလုံပေါ့နော်။ အဲဒီကြားလောက်မှာလို့ ပြောတာပဲ။ နားလုံ-လဂျားယန်ကတော့ နီးနီးကပ်ကပ်ပဲဖြစ်ပါတယ်။”

လဂျားယန်ရွာဟာ KIA ဌာနချုပ် လိုင်ဇာမြို့ရဲ့ အဝင်လမ်းနေရာဖြစ်ပါတယ်။

ကချင်သတင်းမီဒီယာတွေကတော့ စစ်ကောင်စီဘက်က စစ်ကား အစီး ၅၀၊ စစ်သည်အင်အား ၈၀၀ လောက်ချီတက်လာတာဖြစ်ကြောင်း၊ ဒါကို KIA က စောင့်ဆိုင်းတိုက်ခိုက်တာဖြစ်ကြောင်း ဖော်ပြကြပါတယ်။

ဒီလ ၇ ရက်နေ့က ဒေါ့ဖုန်းယန်အနီးမှာ စစ်ယာဉ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သလို ၈ ရက်နေ့ကလည်း လဂျားယန်ရွာအနီးမှာ စစ်ယာဉ်တန်းကို တိုက်ခိုက်တာကြောင့် စစ်ကား ၄ စီးလောက် ပျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လက ဗန်းမော်-မြစ်ကြီးနားလမ်းမှာ စစ်ရေးအရ အရေးပါတဲ့ အလော့ဘွမ်တောင်ကို KIA က သိမ်းယူခဲ့ပြီးတဲ့နောက် ဧပြီနဲ့ မေလတွေအတွင်းမှာ မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော၊ စီဟတ် စတဲ့ရွာတွေအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ဒီတိုက်ပွဲကြောင့် ဒေသခံ ၅,၀၀၀ ကျော်လောက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

မေလလည်နောက်ပိုင်းမှာ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်သွားခဲ့ပေမဲ့ ဒေါ့ဖုန်းယန်နဲ့ အလော့ဘွမ်စခန်းအနီးတဝိုက်မှာ စစ်ကောင်စီဘက်က စစ်အင်အား တိုးမြှင့်နေတဲ့သတင်းတွေ ထွက်ပေါ်ခဲ့သလို စစ်ယာဉ်တန်းတွေကို KIA က မကြာခန ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

လောလောဆည်မှာတော့ တိုက်ပွဲရှောင်ပြည်သူတွေဟာ စစ်ရေးအခြေအနေ တင်းမာဆဲရှိတာကြောင့် နေရပ်မပြန်ရဲသလို ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတဲ့ ရှမ်း စစ်ရှောင်တွေအတွက် ဆက်လက် နေထိုင်ဖို့အခက်အခဲတွေ ရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက သေနတ်သံ နည်းနည်းငြိမ်နေတယ် ဆိုပေမဲ့လည်း နေ့ဖြစ်မလား၊ ညဖြစ်မလားဆိုတာ ဘယ်အချိန်ပြန်ဖြစ်မလဲဆိုတာ စိုးရိမ်နေရတဲ့အခြေအနေဖြစ်တော့ ဘယ်လိုမှ မလုံခြုံဘူး။ စစ်ရှောင်တွေကတော့ တချို့လည်း အိမ်ကို ခနပြန်ကြတာရှိတယ်။ ဒါပေမဲ့ အများစုကတော့ စစ်ရှောင်နေရဆဲဖြစ်တယ်။ မိုးတွင်းကာလ ရောက်လာတယ်။ နောက်ပြီးတော့ ဘုန်းကြီးကျောင်းတွေကလည်း ဝါတွင်းရောက်လာတဲ့အခါမှာ အထူးသဖြင့် သူတို့ဥပုသ်အတွက် သုံးချင်တဲ့အခါမှာ စစ်ရှောင်တွေ နေရာတော်တော်များများက ဖယ်ပေးရမယ့် အနေအထားဖြစ်နေတယ်ပေါ့။”

မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ စလောင်းကုန်းအနီးက ကျေးရွာတွေမှာတော့ မြေမြုပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ ဗုံးတွေနဲ့ လက်နက်ကြီးကျည်တွေ မရှင်းလင်းရသေးတာကြောင့် နေရပ်ပြန်ဖို့၊ တောင်ယာစိုက်ပျိုးဖို့ စတာတွေလည်း အခက်အခဲရှိနေတာပါ။ ဒီရက်ပိုင်းအတွင်းမှာ တောင်ယာသွားသူအချို့ မိုင်းနင်းမိတာကြောင့် ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။


ဦးသိန်းထိုက်ဦး/ VOA Burmese

https://burmese.voanews.com/a/clashes-in-Kachin-state-continue-moat-maout-and-dot-phone-yan-region-/5933801.html

မိုးမောက်ဘက်မှာ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ မိုးမောက်ဘက်မှာ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 06:17 Rating: 5

No comments:

Powered by Blogger.