စစ်ကောင်စီကအကြောင်းမဲ့ ပစ်ခတ်သဖြင့် မိုးဗြဲပြည်သူတစ်ဦး သေဆုံး


အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့(ဇွန်လ၂ရက်) ညနေပိုင်းမှာ မိုးဗြဲပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

လမ်းမကြီးမှာသွားလာနေတဲ့ ပြည်သူနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး တစ်ဦးကိုသာ ကယ်ဆယ်ခွင့်ရရှိခဲ့ကာ ဆေးကုသမှုပြုလုပ်ထားပြီး ကယ်ဆယ်ခွင့်မရရှိခဲ့တဲ့ ကျန်လူငယ်တစ်ဦးမှာ နှာဖူးကျည်ထိဒဏ်ရာနဲ့ သေဆုံးခဲ့တာကို ဒီကနေ့  ဇွန်လ၃ရက်နေ့ နံနက်ပိုင်းမှာ တွေ့ရှိရတယ်လို့ သိရပါတယ်။

ရှမ်း-ကရင်နီ(ကယား)နယ်စပ်ရှိ မိုးဗြဲမြို့မှာ ဇွန်လ ၂ရက်နေ့ နေ့လည်ပိုင်း  ၁ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ရှောင်အတွက်ရိက္ခာလာယူတဲ့ အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်အချို့ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်မှုတွေကြောင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်က ပြန်လည်ခုခံခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဇွန်လ ၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မိုးဗြဲရဲစခန်းမှာ ယမန်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်က တပ်စွဲထားပြီး မြို့ပေါ်မှာ စစ်ဘေးရှောင်အတွက် ရိက္ခာဖြည့်တင်းမှုပြုလုပ်နေတဲ့ ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ချိန်းခြောက်စစ်ဆေးခြင်း၊ သေနတ်နဲ့ပစ်ခတ်ခြင်း ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ အရေးပေါ်မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ စစ်ရှောင်အတွက် ရိက္ခာလာယူသူတွေနဲ့ ရပ်ဝေးမှလာပြီး မိုးဗြဲကိုဖြတ်သွားမယ့်သူများအနေနဲ့ လမ်းကြောင်းအခြေအနေသတင်းမေးပြီးမှ မြို့အတွင်း ဖြတ်သွားဖြတ်လာပြုလုပ်ရန်၊ မိုးဗြဲကိုအရေးပေါ်ဖြတ်သွားရမယ်ဆိုလျှင် စစ်သားနဲ့ဝေးရာနေရာမှာ ရှောင်ကျဉ်သွားလာကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ သတင်းနှင့်ပြန်ကြားရေးက ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး အထူးသတိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ရဲစခန်းနဲ့ အနီးအနားဝန်းကျင်နေရာတွေမှာ နေရာယူထားပြီး အဝေးပစ်သေနတ်နဲ့ ပစ်ခတ်ခြင်း၊ မိုးဗြဲ ၄၂၂ တပ်မှ လက်နက်ကြီးတွေနဲ့ လူနေအိမ်ကို ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် မိဘပြည်သူအနေနဲ့ အထူးသတိထား ဂရုစိုက်သွားလာနေထိုင်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

စစ်ကောင်စီကအကြောင်းမဲ့ ပစ်ခတ်သဖြင့် မိုးဗြဲပြည်သူတစ်ဦး သေဆုံး စစ်ကောင်စီကအကြောင်းမဲ့ ပစ်ခတ်သဖြင့် မိုးဗြဲပြည်သူတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 20:54 Rating: 5

No comments:

Powered by Blogger.