ကင်းမရွာမီးလောင်မှု အပြန်အလှန်စွပ်စွဲအပြစ်တင်

မီးလောင်ပစ်စီးသွားခဲ့တဲ့ ကင်းမ ရွာ ( ဓာတ်ပုံ - Courtesy)

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာမီးလောင်မှုမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေဖက် အပြန်အလှန်စွပ်စွဲနေပြီး၊ မီးလောင်မှုကြောင့် နေအိမ်အတွင်း ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အို ၂ ဦး နေအိမ်ထဲမှာ မီးလောင်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအားဖြင့်တော့ အဲဒီဒေသအနီးမှာ အခြေအနေတွေ တင်းမာဆဲရှိနေတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့တာကို ကိုသားညွန့်ဦး ပြောပြပါမယ်။

မနေ့ ဇွန် ၁၅ ရက်က မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် တောင်ပိုင်း ကင်းမရွာအနီးမှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ ၂ ဖက်အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပြီးနောက်ပိုင်း ကင်းမရွာ မီးလောင်ခဲ့တာဖြစ်ပါတယ်။ နေအိမ်ထဲမှာ မပြေးနိုင်တဲ့ သက်ကြီး ရွယ်အို ၂ ဦး မီးလောင်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးလောင်မှုမှာ စစ်တပ်ဖက်က ရှို့မီးကြောင့်ဖြစ်တယ်လို့ ပေါက် PDF အဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။

“ဘုန်းကြီးကျောင်းတွေကို မီးရှို့တယ်။ သက်ကြီးရွယ်အိုတွေဆိုရင် အဖိုးအဖွားတွေ အိမ်ထဲမှာ စားစရာ သောက်စရာ ထားထားခဲ့တာ အဲ့မီးရှို့တဲ့ထဲ ဖိုးဖွားတွေပါကုန်တယ်။ ဖိုးဖွား၂ ယောက်ကတော့ အိမ်မီးရှို့တဲ့ထဲပါသွားတယ်။ အရိုးပဲပြန်တွေ့တာပေါ့။ သူတို့က သက်ကြီးရွယ်အိုတွေလေ မပြေးနိုင်မလွှားနိုင်ဘူး။ မပြေးနိုင်မလွှားနိုင်တော့ လမ်းမလျှောက်နိုင်ဘူးပေါ့။ လမ်းမလျှောက်နိုင်တော့ သားသမီးတွေက အဖိုးအဖွားတွေကို စားစရာ သောက်စရာ အပြည့်နဲ့ အိမ်မှာ တံခါးပိတ်ပြီး ထားထားခဲ့ပေးတာလေ။”

ကင်းမရွာရဲ့ဟာ အိမ်ထောင်စု ၃၀၀ နီးပါးရှိပြီး ကျေးရွာရဲ့ ၃ ပုံ ၂ ပုံကျော်ဟာ မီးထဲပါသွားတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ လုံခြုံရေးအဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်းကို ဝင်ရောက်ချင်းမရှိဘဲ ကျေးရွာထိပ်က နေစောင့်ဆိုင်းနေချိန်မှာ ရွာထဲကနေ မီးခိုးလုံးတွေ ထွက်လာတာ မြင်ရပြီး လက်နက်ကိုင်တွေက ကျေးရွာထဲက ကြံ့ခိုင်ရေးပါတီဝင်အိမ်ကို မီးရှို့ရာကနေ လေတိုက်ခတ်တာကြောင့် တခြားအိမ်တွေကိုပါ ကူးစက်လောင်ကျွမ်းသွားတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ မြန်မာရုပ်မြင်သံကြားသတင်းမှာလည်း မီးလောင်မှုကိုအသေးစိတ် စစ်ဆေးမှုပြုလုပ်ရာမှာ သူ့အခေါ် အကြမ်းဖက်အဖွဲ့ဝင် ၄၀လောက်က အခြေခံပညာအထက်တန်းကျောင်းမျက်နှာချင်းဆိုင်က ဦးကျော်ဌေးနေအိမ်ကို မွန်းလွဲ ၂နာရီ ၄၀ခန့်မှာ စတင်မီးရှိုှုဖျက်ဆီးတဲ့အတွက် အခြားနေအိမ်တွေကိုပါကူးစက်ပြီး ကျေးရွာအိမ်ခြေပေါင်း ၂၂၅လုံးအနက် အိမ်ခြေ ၁၀၀ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ကြေညာပါတယ်။ လူအသေအပျောက်သတင်းကိုတော့ မပြောပါဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မီးရှို့ဖျက်ဆီးသူတွေကို ဖမ်းဆီးအရေးယူဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီက ကြေညာပါတယ်။

ကျေးရွာသားတွေကတော့ စစ်ကောင်စီတပ်တွေ နေအိမ်ကို မီးရှို့တဲ့ ဓာတ်ပုံအထောက်အထားတွေအပြင် မျက်မြင်တွေ့ရှိတာတွေပါ ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း မင်းကင်းမြို့မျာဆိုရင်လည်း မနေ့ ဇွန် ၁၅ ရက်မှာ စစ်ကောင်စီတပ်တွေနဲ့ မင်းကင်း PDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ တိုက်ပွဲဖြစ်ပွားပြီး နောက်ရက် ဒီကနေ့ ဇွန် ၁၆ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အနီးက ပင်တင်းနဲ့ ဖက်ခတ်ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီတပ်တွေက မောင်းထုတ်ပြီး ကျေးရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ မင်းကင်း ဒေသခံတဦးက အခုလိုပြောပါတယ်။

“ပင်တင်းရှိတယ် ဖက်ခက်ရှိတယ်။ ရွာကိုလာပြီး ပြည်သူလူထုတွေ အိမ်တွေမှာ မနေဖို့ပြောပြီး PDF တွေ တခုခု လုပ်ရင် ရွာကို မီးရှို့မယ်စပြောတယ်။ အဲ့ဒါပြီးတော့ သူတို့နဲ့ဖြစ်တဲ့နေရာ တိုက်ပွဲဖြစ်တဲ့နားက ဖက်ခတ်ရွာကို သွားတယ်။ အဲ့ဖက်ခတ်ရွာက အိမ်တွေထဲမှာရှိတဲ့ ပစ္စည်းတွေ ဆေးဝါးတွေ အစားအသောက်တွေ အကုန်လုံးကို ရိုက်နှက်ဖျက်စီးပြီး အကုန်လုံးယူပြီးတော့မှ PDF တပ်ဖွဲ့တွေ ရှိတယ်လို့ ယူဆရတဲ့ ရွာတရွာ တုန်ရွာဆိုတဲ့ရွာကို သူတို့ရောက်နေတယ်။ ရွာသူရွာသားတွေအကုန် ရွာလုံးကျွတ်နီးပါးပဲ ရှောင်တိမ်းနေရတယ်။”

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် မြောင်မြို့နယ်က ကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေတာတွေလုပ်နေပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နဲ့ သိပ်မဝေးဘဲ အိမ်ခြေ ၂၀၀၀ နီးပါးရှိတဲ့ ကွမ်းစိုက်ရွာမှာလည်း ဇွန် ၁၄ ရက်က စစ်ကောင်စီနဲ့နီးစပ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဓားနဲ့အထိုးခံရပြီး စစ်ကောင်စီတပ်တွေက ကျေးရွာသူ ကျေးရွာသား ၅၀ ကျော်ကို ဖမ်းဆီးထားပါတယ်။ တချို့ကျေးရွာသားတွေကတော့ ရွာမှာမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ တဦးကပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးခံရသူ ကျေးရွာသူကျေးရွာသား ၅၀ ကျော်ဟာ ဒီကနေ့ထိ ပြန်မလွတ်လာသေးဘဲ ဓားနဲ့ထိုးခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ သေဆုံးခြင်းမရှိဘဲ မန္တလေးမှာ ကုသနေတယ်လို့ ရွာသားတွေက ပြောပါတယ်။ 


သားညွန့်ဦး/ VOA Burmese

https://burmese.voanews.com/a/kin-ma-village-pauk-township-middle-burma-burn-down-/5931249.html

ကင်းမရွာမီးလောင်မှု အပြန်အလှန်စွပ်စွဲအပြစ်တင် ကင်းမရွာမီးလောင်မှု အပြန်အလှန်စွပ်စွဲအပြစ်တင် Reviewed by THITHTOOLWIN on 01:20 Rating: 5

No comments:

Powered by Blogger.