မင်းတပ်မှာ CDF က ခြောက်ဦး သေဆုံးပြီး ဟားခါးမှာ စစ်ကောင်စီဘက်က ခြောက်ဦး သေဆုံး



စစ်ကောင်စီရဲ့  သြဇာခံတပ်တွေကို ရိုးရာလက်လုပ် သေနတ်တွေနဲ့ ခုခံတော်လှန်နေတဲ့ ချင်းပြည်နယ်မှာ မနေ့ညက ဟားခါးနဲ့ ဖလမ်းကြားမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
 
အဲဒီဖြစ်ရပ်မှာ စစ်တပ်ဘက်က ခြောက်ဦးသေဆုံးပြီး ၁၀ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့သလို ဟားခါးပြည်သူ့ ကာကွယ်ရေးအဖွဲ့ဘက်ကလည်း တစ်ဦး သေဆုံးခဲ့တယ်လို့ ဟားခါးပြည်သူ့ ကာကွယ်ရေးအဖွဲ့ CDFက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဖွဲ့ဝင်တစ်ယောက်က RFA ကိုပြောပါတယ်။
 
“မင်းတပ် CDF အဖွဲ့ကို တိုက်ခိုက်တာတွေကို ကျွန်တော်တို့ ရှုတ်ချတယ်။ သူတို့လုပ်ရပ်တွေကို အကြမ်း ဖက်လုပ်ရပ်တွေလို့ ကျွန်တော်တို့ သတ်မှတ်တယ်၊ မှတ်ယူတယ်။ ဒီဟာတွေကို ပြန်တုံ့ပြန်တဲ့အနေနဲ့ ကျွန်တော်တို့ လှုပ်ရှားတာဖြစ်တယ်။ စစ်အာဏာရှင်ဘက်ကကျတော့ ခြောက်ယောက် ပွဲချင်းပြီး သေတယ်ပေါ့နော်။ မိုင်းနင်းမိတဲ့သူတွေက ၁၀ ယောက်ကျော်မယ်။ ကျွန်တော်တို့ဘက်ကတော့ တစ်ယောက်ကျဆုံးသွားတယ်”
 
စစ်ကောင်စီတပ်ဘက်က ကား လေးစီး၊ တပ်သားအင်အား ၆၀ လောက်နဲ့ CDF အဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ခဲ့ တာပါ။ အဲဒီတိုက်ပွဲဟာ မနေ့ညနေ ၅ နာရီခွဲလောက် ကနေ ၈ နာရီလောက်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က RPG လို့ခေါ်တဲ့ ပခုံးထမ်းလောင်ချာတွေ၊ ၆၀ မမ လို လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက် ခဲ့တယ်လို့ ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
 
မနေ့ကအထိဆိုရင် စစ်ကောင်စီတပ်နဲ့ CDF အဖွဲ့ တိုက်ပွဲဖြစ်တာ ၆ ကြိမ်မြောက်ဖြစ်ပြီး၊ စစ်တပ်ဘက်က ကျဆုံးတာအယောက် ၂၀ နီးပါးရှိနေပြီဖြစ်သလို ပြည်သူ့ကာကွယ်ရေး အဖွဲ့ဘက်ကတော့ ကျဆုံးသူ တစ်ဦးပဲ ရှိသေးတယ်လို့လည်း ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF က ပြောပါတယ်။
ဟားခါးမြို့မှာ နေ့ဘက်ဆိုရင် လူအသွားအလာတွေ ပုံမှန်ရှိနေပေမယ့် ညနေ ၆ နာရီဆိုရင်တော့ အသွားအလာ မရှိတော့ဘဲ တိတ်ဆိတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
 
စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ ဆန့်ကျင်ဆန္ဒပြတာတွေလည်းဆက်ရှိနေပြီး ဖမ်းဆီးခံရမှုတွေလည်း ဆက်ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။
 
“ညနေ ၆ နာရီကျော်ရင်တော့ လူအသွားအလာ မရှိတော့ဘူး။ နေ့လယ်ပိုင်းကတော့ ပုံမှန်ပါပဲ။ အလုပ်တွေ ပုံမှန်လုပ်ကြတယ်။ သူတို့ကတော့ ကားနဲ့ပတ်နေတာ။ မြို့ထဲရော၊ မြို့ပြင်ပါ သူတို့က ကားနဲ့ပတ်နေ ကြတာ။ အဖမ်းအဆီးကလည်းရှိတယ်။ မနေ့တစ်နေ့က သပိတ်မှောက်တဲ့ သုံးဦးဖမ်းဆီးခံရတယ်။ လမ်း လျှောက်သပိတ်မှောက်တဲ့ လူငယ်တွေပေါ့။ သုံးဦးဖမ်းတာမှာ တစ်ဦးကတော့ သပိတ်မှောက်တာမှာ မပါလို့ ပြန်လွှတ်လိုက်တယ်။ ကျန် နှစ်ဦးကတော့ ပုဒ်မ -၅၀၅ နဲ့ ဖမ်းဆီးထားတယ်”
 
စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာတော့ စစ်ကောင်စီတပ်တွေက မြို့တွင်း ထဲကို အလုံးအရင်းနဲ့ နေရာယူလာခဲ့ပြီးနောက် မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က မနေ့ကစပြီး ရှောင်တိမ်း ထားတယ်လို့ အဖွဲ့ကပြောပါတယ်။
 
ပြည်သူလူထု ထိခိုက်မှုမဖြစ်ရအောင် ခေတ္တရှောင်တိမ်းလိုက်ရတာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
 
“အခုအချိန်မှာတော့ ပြည်သူတွေလည်း ရှောင်နေကြတယ်ပေါ့နော်။ အတတ်နိုင်ဆုံး ရှောင်နိုင်တဲ့သူက ရှောင်တယ်။ မြို့အထိနာမှာစိုးလို့ ကျွန်တော်တို့ CDF တပ်တွေလည်း အကုန်လုံး ရှောင်ပေးထားတယ်။ မပစ်တော့ဘူး။ ဒါပေမဲ့ သူတို့က အိမ်တွေကို တောက်လျှောက်လိုက်ပစ်နေတယ်။ သူတို့တပ်တွေ အကုန်လုံးချထားပြီးတော့မှ နေအိမ်တွေကို တောက်လျှောက်လိုက်ပစ်နေတာ”
 
မေလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ကြေညာချက်မှာ မင်းတပ် မြို့နယ်မှာ ဧပြီ ၂၄ ရက်ကနေ မေလ ၁၃ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်မှု ၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
 
မေလ ၁၃ ရက်နေ့က မတူပီ-မင်းတပ်ကားလမ်းက တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က မော်တော်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့သလို တပ်ဖွဲ့ဝင်အချို့ ကျဆုံးတာ၊ ပျောက်ဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့လည်း စစ်ကောင်စီဘက်က ဆိုပါတယ်။
 
မေလ ၁၄ ရက်နေ့ မနက်မှာလည်း မင်းတပ်မြို့ရဲ့အရှေ့ဘက် မီတာ ၂၀၀၀ လောက် အကွာမှာ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် မော်တော်ယာဉ် ခြောက်စီး မီးလောင်ဆုံးရှုံးခဲ့ပြီး တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ပျောက်ဆုံး တာတွေ ရှိခဲ့သလို မတူပီ-မင်းတပ် ကားလမ်းမှာလည်း တိုက်ခိုက်မှုပေါင်း ငါးကြိမ်ထပ်ဖြစ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
စစ်သားဘယ်နှစ်ယောက် သေဆုံးလဲဆိုတာကို တိတိကျကျ ထုတ်ပြန်တာမရှိပါဘူး။
 
ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF ကတော့ မေလ ၁၂ ရက်နေ့နဲ့ ၁၅ နေ့ မင်းတပ်က တိုက်ပွဲတွေအတွင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဘက်က ခြောက်ဦးကျဆုံးခဲ့တယ်လို့ မနေ့ကထုတ်ပြန်ထားပါတယ်။
 
ဒီနေ့ မေလ ၁၇ ရက် နေ့လယ်ပိုင်းမှာတော့ မင်းတပ်မြို့ပေါ်မှာနေရာယူထားတဲ့ စစ်တပ်က အမြောက် လက်နက်ကြီးတွေ၊ သေနတ်ကျည်တွေဟာ လူနေအိမ်တချို့ပေါ် ကျရောက်တာကြောင့် ထိခိုက်ပျက်စီး တာတွေ ရှိနေသလို အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
 
မင်းတပ်မြို့ကို ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကတည်းက အူရီဒူးနဲ့ တယ်လီနော ဆက်သွယ်ရေး ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် RFA က အသေးစိတ်က စုံစမ်းဖို့ခက်ခဲနေပါတယ်။
 
ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ ယူနီဆက်ရဲ့ မြန်မာရုံးကတော့ ကလေးငယ်တွေ အပါအဝင် နှစ်ဘက် တိုက်ပွဲတွင်း ပိတ်မိနေသူတွေကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့အတွက်၊ မင်းတပ်မြို့မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့ ဒီကနေ့ မေလ ၁၇ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
 
ဘယ်လို အခြေအနေမျိုးမှာမဆို ကလေးသူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ခြွင်းချက်မရှိ အာမခံပေးရမယ်၊  ကလေးတွေရဲ့ အကာအကွယ်ရပိုင်ခွင့်ကို ထိန်းသိမ်းပြီး၊ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို လိုက်နာရမယ်လို့ UNICEF က တိုက်တွန်းထားပါတယ်။
 
အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ CRPH အဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကလဲ မင်းတပ် ဒေသခံ ပြည်သူလူထုခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး မင်းတပ်မြို့ရဲ့ အခြေ အနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာမှာ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
 
အဲဒီဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ CDF အဖွဲ့ကို RFA ကမေးမြန်းခဲ့ရာမှာ ဒီကိစ္စအပေါ် လတ်တလော ထုတ်ဖော် မပြောလိုသေးဘူးလို့ တုံ့ပြန်ပါတယ်။
 
ချင်းပြည်နယ် မြောက်ပိုင်းဘက်မှာရှိတဲ့ တီးတိန်မြို့မှာတော့  မေလ ၁၆ ရက် မနေ့ညပိုင်းက စစ်ကောင်စီ တပ်က ပစ်ခတ်လို့ ဒေသခံတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
သေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ် ဂိုရှင်မုန်ဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကိုတော့ တီးတိန် ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်။ ဂိုရှင်မုန်ဟာ မနေ့ည ၈ နာရီလောက်မှာ သူ့အိမ်ကိုပြန်အလာ ကမ်းဟောက်ကစား ကွင်းနားမှာ ပစ်ခတ်ခံရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“သေသွားတဲ့လူကတော့ ကျွန်တော်တို့ အိမ်ရှေ့မှာ ၈ နာရီဝန်းကျင်မှာဖြစ်တာ။ သေနတ်သံတွေ ကြားရတယ်။ လူတစ်ယောက်အသံ ကြားလိုက်တယ်။ ပြီးတော့ ဆိုင်ကယ် ရပ်တယ်။ အဲမှာ ဗမာလိုနဲ့ နာတယ် နာတယ် ဦးလေး ကျွန်တော် ဘာမှမလုပ်ဘူး တောင်းပန်ပါတယ်။ နာတယ် နာတယ် ပြောပြီးတော့ သေနတ်သံ နှစ်ချက်ကြားရတယ်။ ပြီးတော့ ငြိမ်သွားတာ”
 
ဒဏ်ရာရသူ နှစ်ဦးကတော့ အသက် ၄၀ အရွယ်အမျိုးသား တစ်ဦးနဲ့ အသက် ၁၆ နှစ်အရွယ် မောင်ထန်ရှင်မွန့် ဖြစ်ပါတယ်။
 
အသက် ၄၀ အရွယ် အမျိုးသားဟာ ပစ်ခတ်ခံရတဲ့ ကိုဂိုရှင်မုန်ကို ကယ်ဆယ်ဖို့သွားရာမှာ ပစ်ခတ်ခံရလို့ ဝမ်းဗိုက်နဲ့ခြေထောက်တွေမှာ ကျည်ထိမှန် ဒဏ်ရာရခဲ့တာပါ။
 
ဒဏ်ရာရသူ နောက်တစ်ဦးဖြစ်တဲ့ မောင်ထန်ရှင်မွန့် ကတော့ လမ်းမှာပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
 
“ဓာတ်ဆီဆိုင်မှာ သူ့အကိုတွေ သွားကြိုတာ ပြန်လာတဲ့ အချိန်လမ်းမှာ ဓာတ်ဆီဆိုင်က တပ်ကုန်းဘက် ဆိုတော့လေ ပြန်လာတဲ့အချိန် နောက်ကနေပစ်လိုက်တာ နောက်ကျော ဘက်ကို ရာဘာကျည် ထိသွားတာ။ အခုထိတော့ စကားပြောလို့မရသေးဘူး”
 
တီးတိန်မြို့မှာ ည ၇ နာရီမှ မနက် ၇ နာရီအထိ အပြင်မထွက်ရ အမိန့်ထုတ်ထားပါတယ်။
 
ဒီအတောအတွင်းမှာပဲ နိုင်ငံတဝှမ်းမှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်ရှိခဲ့ပါတယ်။ အဲဒီအပြင် မန္တလေးနဲ့ ပဲခူးတိုင်းမှာ ဗုံးပေါက်ကွဲတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီနေ့ မနက် ၃ နာရီခွဲလောက်က သုံးဆယ်မြို့နယ် စံအေးချမ်းလမ်းမှာနေထိုင်တဲ့ သာယာဝတီမြို့နယ် ကြံ့ခိုင်ရေး တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်လွင်ဦး နေအိမ်အနီးနဲ့ သာယာဝတီ မြို့နယ် ပညာရေးမှူးရုံးအနီးမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သာယာဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
 
တနင်္သာရီတိုင်း ထားဝယ်မြို့မှာတော့ ဒီနေ့မနက် ၁၁ နာရီလောက် ပင်မသပိတ်စစ်ကြောင်းကို စစ်ကောင်စီက အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန်ခဲ့ပြီး ပြည်သူ ခြောက်ဦး အဖမ်းခံခဲ့ရတယ်လို့ ထားဝယ်မြို့ဒေသခံ တစ်ဦးက ဆိုပါတယ်။
 
ဆန္ဒပြပြည်သူတွေထဲက နှစ်ဦးကို ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တယ်လို့လည်း ပြောပါတယ်။

RFA Burmese



မင်းတပ်မှာ CDF က ခြောက်ဦး သေဆုံးပြီး ဟားခါးမှာ စစ်ကောင်စီဘက်က ခြောက်ဦး သေဆုံး မင်းတပ်မှာ CDF က ခြောက်ဦး သေဆုံးပြီး ဟားခါးမှာ စစ်ကောင်စီဘက်က ခြောက်ဦး သေဆုံး Reviewed by THITHTOOLWIN on 21:32 Rating: 5

No comments:

Powered by Blogger.