မင်းတပ်မှာ ဆွေးနွေးမှုတွေ မနက်ဖြန် ဆက်လုပ်မယ်

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပစ်ခတ်မှုတွေရှိခဲ့တဲ့ မင်းတပ်မြို့မှာ ဒီကနေ့စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ မေလ ၂ ရက်နေ့ မနက်ဖြန်မှာ ဆက်လက် ဆွေးနွေးရဦးမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က သွားရောက်ညှိနှိုင်းခဲ့တဲ့ ကိုယ်စားလှယ် ရွှေဂျိုးဖြူက ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးမှုတွေမှာ မင်းတပ်မြို့တဝိုက် စစ်တပ်ဘက်က အင်အားထပ် မချဖို့ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း မြို့တွင်း အစိုးရ ရုံးတဝိုက် အပါအဝင် မြို့တွင်း လုံခြုံရေးအတွက် နေရာယူထားရာက ဖယ်ပေးပြီး အဲဒီမှာ နေရာယူမယ့် ဒေသခံရဲတွေကို ရန်မမူဖို့ အာမခံချက် ပေးရေး သဘောတူခဲ့တယ်လို့ ရွှေဂျိုးဖြူက ပြောပါတယ်။

မင်းတပ်မြို့တွင်း စစ်တပ်နေရာယူမှုမှာတော့ ရဲ၊ ဘဏ်၊ ပညာရေးမှူးရုံး အစရှိတဲ့ နေရာတွေမှာ စစ်တပ်က ရုပ်သိမ်းသွားပြီး မြို့တွင်း ကျန်ရှိတဲ့ စစ်တပ်ဖွဲ့ဝင် အရေအတွက် ဆယ်ဂဏန်းလောက်သာ ရှိတော့တယ်လို့လည်း သူက ပြောပါတယ်။

ဒီလို ရုပ်သိမ်းသွားပေမယ့်လည်း မင်းတပ်မြို့ပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချ မနိုင်သေးဘဲ သူတို့လိုလားတဲ့ အစိုးရတက်လာမှသာလျှင် အမှန်တကယ် စိတ်ချရမယ်လို့လည်း ရွှေဂျိုးဖြူက ဘီဘီစီကို ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

မင်းတပ်မှာ ဆွေးနွေးမှုတွေ မနက်ဖြန် ဆက်လုပ်မယ် မင်းတပ်မှာ ဆွေးနွေးမှုတွေ မနက်ဖြန် ဆက်လုပ်မယ် Reviewed by THITHTOOLWIN on 03:09 Rating: 5

No comments:

Powered by Blogger.