မှတ်ပုံတင် ၄ သန်းနီးပါး ထုတ်ပေးမယ်လို့ စစ်ကောင်စီကြေညာ


မှတ်ပုံတင်ဟာ မရှိမဖြစ်နီးပါးအရေးပါတဲ့ နေရာမှာရှိပေမဲ့ ရွေးကောက်ပွဲဥပဒေ မူဘောင်တွေအရတော့ မဲပေးခွင့်အတွက် မှတ်ပုံတင်ပြစရာမလိုဘဲ မဲစာရင်းမှာပါဖို့က အဓိက ဖြစ်ပါတယ်။

နိုင်ငံတဝန်း မှတ်ပုံတင် ၃ ဒသမ ၈ သန်းကျော် ထုတ်ပေးမယ့် ပန်းခင်းစီမံချက် ကို မေလ ၃ ရက်မှာ စတင်မယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တစ်နှစ်ခွဲ ကြာမယ့် ဒီစီမံချက်ဟာ ၂၀၂၂ နိုဝင်ဘာ ၃ ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။

ဒီစီမံချက်ဟာ စစ်ကောင်စီကကျင်းပပေးမယ်ပြောထားတဲ့ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင် မရှိဘဲ မဲပေးသူ ၄ ဒသမ ၆ သန်း ရှိတယ်လို့စိစစ်တွေ့ရှိရပြီး လာမယ့်ရွေးကောက်ပွဲအတွက် မှတ်ပုံတင်တွေလုပ်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က စစ်ကောင်စီအစည်းအဝေးမှာ ပြောပြီးတဲ့နောက် ဒီစီမံချက် ဖြစ်လာတာပါ။

ဒါကြောင့် ရွေးကောက်ပွဲဟာ ၂၀၂၂ နိုဝင်ဘာ ၃ ရက် မတိုင်ခင် ဖြစ်လာဖွယ်မရှိဘူးလို့ ယူဆနိုင်စရာရှိပါတယ်။

အောင်မြင်သောပန်းခင်းဖြစ်မလား

အာဏာသိမ်းတာ ၃ လ နီးပါးကြာလာပြီးနောက်မှာတော့ စစ်ကောင်စီဟာ ရပ်ကွက်ရုံးတွေတောင် ထိုင်လို့မရတဲ့အခြေအနေ ဖြစ်နေတာပါ။

ဒါ့အပြင် ရပ်ကွက်ရုံးတွေအပြင် ရဲစခန်းနဲ့ မြို့နယ်အဆင့်ရုံးတွေလည်း ဗုံးပေါက်ကွဲမှုတွေဖြစ်နေလို့ ပန်းခင်းစီမံချက်အောင်မြင်ဖို့ စိန်ခေါ်မှုတွေအ‌မြောက်အများရှိနေတာပါ။

ပန်းခင်းစီမံချက်အတွက် နေပြည်တော်မှာအစည်းအဝေးတွေလုပ်နေပြီး မြို့နယ်တွေကိုတော့ အသေးစိတ်ညွှန်ကြားချက်တွေ မလာသေးဘူးလို့ မြို့နယ်လဝကဦးစီးမှူးတစ်ဦးက ပြောပါတယ်။

CDM တောင်းဆိုမှုတွေရှိနေချိန်မှာ ကွင်းဆင်းလုပ်ပေးဖို့ ဝန်ထမ်းတွေအတွက် အခက်အခဲရှိနေတယ်လို့ လဝက အရာရှိတစ်ဦးကပြောပါတယ်။ လုံခြုံရေးယူပြီး ကွင်းဆင်းဆောင်ရွက်ပေးပြန်ရင်လည်း ပြည်သူက မှတ်ပုံတင်လာလုပ်ပါ့မလား ဆိုတဲ့မေးခွန်းကလည်းရှိနေတယ် လို့သူကပြောပါတယ်။

'ဒီစီမံချက်က ပြည်သူမပါရင်တော့ အောင်မြင်မှာမဟုတ်ဘူး' လို့ သူကပြောပါတယ်။

ဘာတွေလိုအပ်လဲ

နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) လုပ်မယ့်သူတွေဟာ လိုင်စင်ဓာတ်ပုံ၊အိမ်ထောင်စုလူဦးရေစာရင်း မူရင်းနဲ့မိတ္တူ၊ မိဘနှစ်ပါးရဲ့ မှတ်ပုံတင်မိတ္တူ လိုအပ်ပါတယ်။

အလားတူ အဘိုးအဘွားတွေနဲ့ မောင်နှမရင်းချာတွေရဲ့ အမည်၊မှတ်ပုံတင်အမှတ်နဲ့ လိပ်စာလည်းလိုပါတယ်။

အသက်အထောက်အထားအတွက် မွေးစာရင်း ဒါမှမဟုတ်ကျောင်းသားကတ်(သို့မဟုတ်)ကျောင်းထောက်ခံချက် လိုအပ်ပါတယ်။ ရပ်ကွက်တွင်းနေထိုင်ကြောင်း ထောက်ခံချက်နဲ့သွေးအမျိုးအစားလည်း လိုအပ်မှာဖြစ်ပါတယ်။

တိုင်းရင်းသားတွေအတွက်ကတော့ သန်းခေါင်စာရင်းမရှိရင်လည်း ပူးပေါင်းအဖွဲ့နဲ့ ကွင်းဆင်းဆောင်ရွက်ပေးမယ်လို့ လဝက အရာရှိတစ်ဦးကပြောပါတယ်။

သန်းခေါင်စာရင်းမရှိသူတွေကိုစိစစ်ထောက်ခံပေးဖို့ ၅ ဦးကော်မတီကိုဖွဲ့စည်းမယ်လို့သူကပြောပါတယ်။

၅ ဦးကော်မတီမှာ လဝကမြို့နယ်ဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ရဲတပ်ဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ ပါဝင်ပါတယ်။

တိုင်းရင်းသားမဟုတ်ဘဲ ဥပဒေအရနိုင်ငံသားဖြစ်နေသူတွေအတွက်လည်းဆောင်ရွက်ပေးမှာဖြစ်ပြီး သူတို့ကတော့ အထောက်အထားတွေခိုင်လုံမှုရှိမရှိပိုပြီး စိစစ်ခံရမယ်လို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေး အ‌ရာရှိတစ်ဦးကပြောပါတယ်။

' သူတို့ကတော့ ကွင်းဆင်းလုပ်ပေးမယ့်ထဲမပါဘူး။ မြို့နယ်ရုံးမှာလာလုပ်ရမယ်' လို့ သူကပြောပါတယ်။

အချိန်တိုအတွင်း အများဆုံးထုတ်ပေးခြင်း

ရန်ကုန်တိုင်း၊ ကမာရွတ် မြို့နယ်က မဲစာရင်း စစ်ဆေး နေသူအချို့။

ဦးသိန်းစိန်အစိုးရလက်ထက် အတွင်း မိုးပွင့်စီမံချက်နဲ့ လူ ၇ သန်းခွဲ နီးပါးကို မှတ်ပုံတင် ထုတ်ပေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာလည်း သစ္စာစီမံချက်နဲ့ မှတ်ပုံတင် ၆ သန်းခွဲ နီးပါး ထပ်ထုတ်ပေးခဲ့ပြန်ပါတယ်။

အဲ့ဒီစီမံချက်တွေဟာ ၅ နှစ်လောက်စီကြာခဲ့တာမို့ အခုလာမယ့် ပန်းခင်းစီမံချက်ဟာ တစ်နှစ်ခွဲအတွင်း မှတ်ပုံတင်အများဆုံးထုတ်ပေးမယ့်စီမံချက်ဖြစ်လာမှာပါ။

မြန်မာနိုင်ငံမှာ ၁၀ နှစ်ပြည့်ရင် မှတ်ပုံတင်စလုပ်လို့ရပြီး အသက် ၁၈ နှစ်မှာ လဲလှယ်ရတာဖြစ်ပါတယ်။

မှတ်ပုံတင်ဟာ မြန်မာနိုင်ငံမှာ မရှိမဖြစ်နီးပါးအရေးပါတဲ့ နေရာမှာရှိပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေ မူဘောင်တွေအရတော့ မဲပေးခွင့်ရဖို့အတွက်ကတော့ မှတ်ပုံတင်ပြစရာမလိုဘဲ မဲစာရင်းမှာပါဖို့က အဓိက ဖြစ်ပါတယ်။

နိုင်ငံသားဖြစ်ပြီး မှတ်ပုံတင်ပျက်စီးပျောက်ဆုံးနေသူတွေမဲပေးခွင့်ရဖို့ ရွေးကောက်ပွဲကော်မရှင်အဆက်ဆက်က ဆောင်ရွက်ပေးခဲ့ကြပြီးပြီလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲနဲ့ ချိတ်ဆက်ပြီး မှတ်ပုံတင်စီမံချက်ချဖို့ ညွှန်ကြားလာခဲ့တာပါ။

စီမံချက်ရှိရှိ မရှိရှိ အသက်ပြည့်လာမယ့် နိုင်ငံသားမိဘတွေကမွေးဖွားလာသူတွေကို မှတ်ပုံတင်လုပ်ပေးဖို့၊ ပျောက်ဆုံးပျက်စီးသူတွေကို ပြန်ထုတ်ပေးဖို့က လဝက ရဲ့ ပုံမှန်လုပ်ငန်းစဥ်တစ်ခုဖြစ်ပါတယ်။

' ဒီအလုပ်တွေက စီမံချက်မရှိလည်း ရုံးအမြဲဖွင့်ပြီးလုပ်ပေးနေတာပဲလေ။ ဒါပေမဲ့ အခုအချိန်ကတော့ ခက်လိမ့်မယ်' လို့ လဝက အရာရှိတစ်ဦးက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-56958448

မှတ်ပုံတင် ၄ သန်းနီးပါး ထုတ်ပေးမယ်လို့ စစ်ကောင်စီကြေညာ  မှတ်ပုံတင် ၄ သန်းနီးပါး ထုတ်ပေးမယ်လို့ စစ်ကောင်စီကြေညာ Reviewed by THITHTOOLWIN on 03:12 Rating: 5

No comments:

Powered by Blogger.