စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် ရွှေစျေး၊ စက်သုံးဆီစျေး၊ ဒေါ်လာငွေလဲနှုန်းမြင့်တက်နေ

ရန်ကုန်မြို့ရှိ ဘဏ်တခုမှာ မြန်မာငွေနဲ့ အမေရိကန် ဒေါ်လာငွေ လဲလှယ်နေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၁၆၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတာ ရက်ပေါင်း ၁၀၀ ပြည့်ချိန်မှာ ရွှေစျေး၊ စက်သုံးဆီစျေးနဲ့ ဒေါ်လာငွေလဲနှုန်းတွေ အဆမတန်မြင့်တက်နေပါတယ်။ ရွှေစျေးဆိုရင် အခေါက်ရွှေ ၁ ကျပ်သားကို ၁,၆၄၀,၀၀၀ ကျော်အထိ ဖြစ်နေပါပြီ။ စက်သုံးဆီစျေးကလည်း ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင်ကထက် ၂ ဆလောက်ကို တက်နေပါတယ်။ ဒီလိုအဆမတန် စျေးနှုန်းတွေ တက်လာတာက ပြည်သူတွေအပေါ်မှာရော ဘယ်လောက်အထိ ရိုက်ခတ်မှုတွေ ရှိခဲ့ပါလဲ။ ရန်ကုန်ကပေးပို့တဲ့ သတင်းအပြည့်အစုံကို ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာပြီး အခြေခံ လူသုံးကုန်တွေနဲ့အတူ ရွှေစျေး၊ ဒေါ်လာစျေးနဲ့ လောင်စာဆီစျေးတွေ အဆမတန် တက်လာပါတယ်။ စစ်တပ် အာဏာမသိမ်းခင်က စက်သုံးဆီ တလီတာကို ကျပ် ၅၀၀ ဝန်းကျင်လောက်ပဲရှိပေမဲ့ ဒီနေ့ မေလ ၁၁ ရက်မှာ အောက်တိန်း 92 တလီတာကို ၉၆၅ ကျပ်စျေးဖြစ်နေပါတယ်။ 95 ဆိုရင် ၁,၀၅၀ ကျပ်စျေးရှိပါတယ်။ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှာ မရှိမဖြစ်လိုတဲ့ စက်သုံးဆီစျေးတက်တဲ့အတွက် အထွေထွေ ကုန်စျေးနှုန်းတက်လာတဲ့ အဓိက အကြောင်းအရင်းတခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနှံ့ကုန်စည်တွေ ပို့ဆောင်ပေးနေတဲ့ တောင်ပေါ်သား ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းက ဦးမန်းအေးက လောင်စာဆီစျေးတက်လာလို့ လုပ်ငန်းအဆင်မပြေတော့ဘူးလို့ ခုလိုပြောပါတယ်။

“ဆီစျေးတော်တော် တက်သွားပြီးတော့ မကိုက်တာက တော်တော့်ကို မကိုက်ဘူး၊ မကျန်ဘူးပေါ့နော်။ လူတွေက အားလုံးအဆင်ပြေရုံ၊ လှုပ်သာရုံလောက် လှုပ်နေကြတာ။ ကားခစျေးနှုန်းလည်း တိုးကောက်လို့ မရဘူး။ ကုန်စည် စျေးနှုန်းကိုလည်း တိုးပြီးတောင်းလို့လည်း မရဘူးပေါ့နော်။ ဒီလိုပဲ မှေးပြီးတော့ လုပ်နေရတဲ့ သဘောမျိုးပေါ့။”

စစ်ကောင်စီ အာဏာယူထားတဲ့ သုံးလအတွင်းမှာ အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး နိုင်ငံ့စီးပွားရေးလည်း နှစ် ၃၀ အတွင်း အကြီးအကျယ် ထိခိုက်နေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး နောက်ဆုံးသုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ အခြေအနေ မတည်မငြိမ်ဖြစ်နေတာနဲ့အတူ မြန်မာကျပ်ငွေတန်ဖိုးလည်း တောက်လျှောက်ကျလာခဲ့ပါတယ်။ ဒီနေ့ဆို ငွေလဲနှုန်းက ပြင်ပငွေလဲကောင်တာတွေမှာ အမေရိကန်တဒေါ်လာကို ကျပ် ၁,၆၈၀ ကျပ်အထိ ရှိနေပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့ လုပ်ငန်းအားလုံး မတည်ငြိမ်တဲ့ အခြေအနေမျိုးရောက်နေတယ်လို့ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်က ပြောပါတယ်။

“တော်တော်ကြီးလည်း အဆင်မပြေမှုတွေ များလာတယ်။ ဒေါ်လာစျေးက အမြင့်ပိုင်းကို ဦးတည်နေတဲ့အတွက် မြန်မာငွေတန်ဖိုး အများကြီး လျော့လာတယ်ပေါ့နော်။ အရင်က ၁၀၀,၀၀၀ နဲ့ ဝယ်လို့ရတဲ့ဟာ ၁၇၀,၀၀၀ ဖြစ်လာတာမျိုး။ ဒီပစ္စည်းစျေးတင်မကဘူး logistics အပိုင်းနဲ့ ပတ်သက်ပြီး လုပ်နေကြတဲ့အပိုင်း တော်တော်များများကလည်း နိုင်ငံခြားငွေနဲ့ ရပ်တည်ရတာ ဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ နိုင်ငံခြားငွေ တန်ဖိုးတွေ မြင့်လာပြီးတော့ မြန်မာငွေတန်ဖိုး ကျလာတဲ့အတွက်ကြောင့် ဒီအပိုင်းတွေမှာလည်း စျေးတွေ ကမောက်ကမ ဖြစ်လာတဲ့ အပိုင်းတွေတော့ အများကြီး ရှိလာတယ်ဗျ။”

ဆီစျေး၊ ဒေါ်လာစျေးသာမက ရွှေစျေးကလည်း အခေါက်ရွှေ တကျပ်သားကို ကျပ် ၁၆ သိန်းကျော်သွားပါပြီ။ ဒီနေ့ပေါက်စျေးဆိုရင် ရန်ကုန်မှာ ၁ ကျပ်သားကို ၁,၆၄၆,၀၀၀ စျေးဖြစ်ပါတယ်။ ဒါက ၅ ရက်အတွင်း ကျပ် ၂၀၀,၀၀၀ လောက် ခုန်ပြီး တက်ခဲ့တာပါ။ ဘဏ်ထဲမှာ ငွေမထားချင်သူတွေ ရွှေဝယ်စုနေကြတဲ့အတွက် ခုလို ရွှေစျေးတက်လာနေတာပါ။ ဒါပေမဲ့ အခြေခံလူတန်းစားတွေအတွက်က ရွှေဝယ်စုဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေကို ရောက်လာတယ်လို့ လှိုင်သာယာက အထည်ချုပ် စက်ရုံအလုပ်သမားတဦး ပြောပါတယ်။

“ရွှေစျေးတက်လည်းပဲ ဒီအခြေအနေအရ စားဝတ်နေရေး အဆင်ပြေဖို့ကိုသာ အဓိက ထားတာပေါ့နော်။ အဲဒါတွေလည်း စုဖို့ဆိုတာ မဖြစ်နိုင်သေးဘူး ဒီအခြေအနေမှာ။ အလုပ်အကိုင်တွေက အဆင်မပြေဘူး။ အခုဆိုရင် အတော်များများ အလုပ်လက်မဲ့ဖြစ်တာ များတယ်ပေါ့နော်။”

ဒေါ်လာစျေးနဲ့ စက်သုံးဆီစျေးတွေ ရေရှည်အဆမတန်ဖြစ်နေတာက စီးပွားရေး ကျဆင်းဖို့ တွန်းအားပေးသလိုဖြစ်သွားမယ်လို့ စီးပွားရေးလေ့လာသူတချို့က သုံးသပ်နေပါတယ်။ မြန်မာပြည်မှာ စီးပွားရေး ပြန်လည်ပတ်လာအောင် အင်တာနက်တွေ ပြန်ဖွင့်ပေးဖို့ ဘဏ်လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့အောင် လုပ်ပေးဖို့နဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းနေတာတွေ ရပ်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ဘဏ်က မတ်လ ၂၆ ရက်က သတိပေးပြောကြားခဲ့ပါတယ်။ 


ကိုခင်မောင်စိုးမင်း/ VOA Burmese

https://burmese.voanews.com/a/myanmar-economy/5886181.html

စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် ရွှေစျေး၊ စက်သုံးဆီစျေး၊ ဒေါ်လာငွေလဲနှုန်းမြင့်တက်နေ စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် ရွှေစျေး၊ စက်သုံးဆီစျေး၊ ဒေါ်လာငွေလဲနှုန်းမြင့်တက်နေ Reviewed by THITHTOOLWIN on 19:46 Rating: 5

No comments:

Powered by Blogger.