ကဗျာဆရာ ခက်သီနဲ့ အလားတူ ဖြစ်ရပ်ဆိုးတွေအတွက် တရားမျှတမှု လိုနေ

ကဗျာဆရာ ခက်သီနဲ့ အလားတူ ဖြစ်ရပ်ဆိုးတွေအတွက် တရားမျှတမှု လိုနေ ပုလဲမြို့က ဦးဇော်ထွန်း ခေါ် ကဗျာဆရာ ခက်သီ ရဲ့ နာရေးအခမ်းအနားကို ၂၀၂၁၊ မေ ၁၀ ရက်နေ့က ကျင်းပစဉ် /Photo: Citizen Journalist

စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ အများနည်းတူ ပါဝင်နေတဲ့ ဦးဇော်ထွန်း ခေါ် ကဗျာဆရာ ခက်သီကို မေလ ၈ ရက်နေ့ညမှာ စစ်တပ်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဖမ်းလိုက်ပြီး ကျောက်မြောင်း စစ်ကြောရေးစခန်းကို ပို့ဆောင်လိုက်ပါတယ်။ ကျန်းမာရေးကောင်းပြီး သန်သန်စွမ်းစွမ်းရှိတဲ့ ကဗျာဆရာ ခက်သီဟာ အဖမ်းခံရပြီး ၂၄ နာရီမပြည့်ခင် နောက်တစ်နေ့ မေလ ၉ ရက်နေ့မှာပဲ စစ်ကောင်စီတပ်တွေရဲ့ လက်ထဲမှာ နှိပ်စက်ခံရပြီး သေဆုံးသွားရပါတယ်။

အခုလို စစ်ကောင်စီတွေရဲ့အဖမ်းဆီးခံရပြီး နောက်နေ့ အလောင်းလာထုတ်ပါဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ဖြစ်စဉ်တွေအရဆိုရင် ကဗျာဆရာ ခက်သီဟာ လေးယောက်မြောက်ရှိနေပြီ ဖြစ်ပါတယ်။

စစ်ကြောရေးက ပြန်ပို့ပေးလိုက်တဲ့ ကဗျာဆရာ ခက်သီရဲ့ အသက်မဲ့ခန္ဓာကိုယ်ဟာ မုံရွာဆေးရုံကြီး အရောက် မှာတော့ တစ်ကိုယ်လုံး ညိုမဲနေသလို အဆိုးဆုံးကတော့ ခန္ဒာကိုယ်တွင်းက ကလီစာတွေ ပါမလာတော့ဘူးလို့ မိသားစုတွေက သိလိုက်ရပါတယ်။

ဆရာ ခက်သီရဲ့အမျိုးသမီးကလည်း ဆက်သွယ်ရေးဝန်ထမ်းဖြစ်ပြီး၊ စစ်တပ်က အာဏာသိမ်းတာကို လက်မခံလို့ အမိန့်မနာခံရေး CDM လှုပ်ရှားမှုမှာ ပါနေတဲ့သူဖြစ်တယ်လို့လည်း RFA က စုံစမ်းသိရှိရပါတယ်။

ကဗျာဆရာ ခက်သီရယ်လို့ ပြောလိုက်ရင် သူရေးတဲ့ကဗျာတွေက နိုင်ငံရေး အတွေးအခေါ်တွေပါတယ်လို့ မုံရွာမြို့က ဝါရင့်ကဗျာဆရာကြီးတစ်ယောက်က ပြောပါတယ်။

“ကဗျာဆရာ တော်တော်များများ ရေးကြသလိုမျိုး ကဗျာကို အနုပညာမြောက်အောင် ဖန်တီးလိုက်မယ် ဆိုတာတင်မကပဲ အတွေးအခေါ်တွေ ပါတယ်။ အထူးသဖြင့် သူရဲ့အတွေးခေါ်တွေက နိုင်ငံရေးနွယ်တယ်။ တော်တော်များများ ကဗျာဆရာတွေနဲ့ ကွာတဲ့အချက်က သူ့ကဗျာတွေက အတင်းကြီး မပျော့ပြောင်းဘူး။ နိုင်ငံရေးအသွေးအရောင်ကဲတယ်။ ရိုးရှင်းထင်သာမြင်သာ ရှိတယ်။"

မြန်မာနိုင်ငံမှာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့အထဲမှာ ကဗျာဆရာ သုံးယောက်လည်း ပါဝင်ပါတယ်။ အဲဒီသုံးယောက်စလုံး စစ်ကိုင်းတိုင်းထဲက ဖြစ်ပါတယ်။ ပထမဆုံး သေဆုံးခဲ့ရသူက အမည်ရင်း ကိုချမ်းသာဆွေ ဆိုတဲ့ မုံရွာမြို့က ကဗျာဆရာ ကေဇဝင်း ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မုံရွာမြို့က မမြင့်မြင့်ဇင် ခေါ် ကဗျာဆရာမ ကြည်လင်အေး ဖြစ်ပါတယ်။ သူတို့က မတ်လ ၃ ရက်နေ့က မုံရွာမြို့မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတာပါ။ အခု နောက်ဆုံးတစ်ယောက်ကတော့ ကိုခက်သီဖြစ်ပြီး သူကတော့ စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး သေဆုံးရတာပါ။

ကဗျာလောကအတွက် ဆုံးရှုံးမှုတွေ ကြီးမားခဲ့ပြီး သူတို့ကိုဂုဏ်ပြုတဲ့အနေနဲ့ တော်လှန်ရေး ဆက်လုပ်သွားမယ် လို့ ကဗျာဆရာ ရိုးခက် က ပြောပါတယ်။

“ခေတ်အဆက်ဆက်က ကဗျာဆရာတွေက နှလုံးရည်နဲ့တိုက်သလို လက်တွေ့လည်း တိုက်ခဲ့ရတယ်။ ကေဇဝင်း ဆိုလည်း လက်ပံတောင်းတောင် သပိတ်မှာ ရှေ့ဆုံးက ပါဝင်ခဲ့တယ်။ ကိုခက်သီ ဆိုလည်း တော်လှန်ရေးကာလအစမှာကတည်းက လုပ်ခဲ့တယ်။ ပြည်သူတွေကို အသိပညာတွေပေးပြီး တော်လှန်ခဲ့တယ်။ ကဗျာလောကအတွက်တော့ ဆုံးရှုံးမှုကြီးတယ်။ ကဗျာလောကကတော့ သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆက်တိုက်သွားမှာပါ။"

ကဗျာဆရာ ခက်သီဟာ စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့ရတာဖြစ်ပေမယ့် ၉၆ ပါး ရောဂါကြောင့် သေဆုံးတယ်ဆိုပြီး စစ်ကောင်စီက မိသားစုဝင်တွေကို လတ်မှတ်ထိုးခိုင်းခဲ့ပါတယ်။

ပုလဲမြို့မှာ မနေ့က မေလ ၁၀ ရက်နေ့မှာ ပြုလုပ်တဲ့ သူ့ဈာပနမှာလည်း သီချင်းသံပြိုင်သီဆိုတာတွေ မလုပ်ဖို့ တားမြစ်ခံခဲ့ရပြီး၊ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးတွေက စောင့်ကြည့်နေခဲ့တယ်လို့ သူ့မိတ်ဆွေ တချို့က RFA ကိုပြောပါတယ်။ ဈာပနကို လိုက်ပါပို့ဆောင်တဲ့သူ ထောင်နဲ့ချီ ရှိခဲ့သလို သုသာန်မှာတော့ လိုက်ပါပို့ဆောင် သူတွေဟာ စစ်အာဏာရှင်အလိုမရှိကြာင်းပြသတဲ့ လက်သုံးချောင်းထောင် ဆန္ဒပြကြခဲ့တာတွေ၊ ကြွေးကြော်သံ တိုင်ခဲ့တာတွေကို ဓာတ်ပုံ ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ဒီလိုဆုံးရှုံးတာတွေ ဘယ်သူ့ကိုမှ မဖြစ်စေချင်တော့ဘူးလို့ ကဗျာဆရာ ခက်သီရဲ့မိသားစုဝင် တစ်ယောက်က RFA ကိုပြောပါတယ်။

“မိသားစုထဲမှာ သဘောကောင်းတဲ့သူ၊ အပေါင်းအသင်းတွေက ချစ်ခင်တဲ့သူပါ။ အိမ်မှာဆိုလည်း ထမင်း၊ ဟင်းကအစ ချက်ကျွေးတယ်။ မနက်တိုင်း နိုးလာရင် ဘယ်လိုမှကို မခံစားနိုင်ဘူး။ ရင်ထဲကနေ အော်လို့လည်း မထွက်ဘူး။ အချိန်လည်း နောက်ပြန်လှည့်လို့မရဘူး။ ကိုယ့်အသက်သေတဲ့အထိကို တစ်သသနဲ့ ဖြစ်နေရမှာ၊ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။”

ကဗျာဆရာ ခက်သီရဲ့ ညီဖြစ်သူကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်လို့ မုံရွာထောင်မှာ အဖမ်းခံထားရပြီး မိခင်မသိအောင် မိသားစုဝင်တွေက ဖုံးကွယ်ထားရပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကမှ အိမ်ထောင်ကျခဲ့တဲ့ ကဗျာဆရာ ခက်သီဟာ ဇာတိ ပုလဲမြို့မှာ ကိတ်မုန့်နဲ့ ရေခဲမုန့် လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။

ကဗျာဆရာ ခက်သီရေးခဲ့တဲ့ ကဗျာတွေထဲက “သူတို့က ခေါင်းကိုပစ်တယ်၊ တော်လှန်ရေးက နှလုံးသားမှာ ရှိတာ သူတို့မသိကြဘူး “ ဆိုတဲ့ ကဗျာတပိုဒ်ကို လူကြိုက်များနေတာ တွေ့ရပါတယ်။

အခုဆိုရင် ကဗျာဆရာ ခက်သီလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကိုခံရပြီး ၂၄ နာရီအတွင်းမှာပဲ မိသားစုတွေအလောင်းလာကြည့်ပါဆိုတဲ့ဖြစ်ရပ်က အရင်က အနည်းဆုံး ၃ ဦးရှိခဲ့ပါတယ်။

ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က NLD ရပ်ကွက်ဥက္ကဋ္ဌ ဦးခင်မောင်လတ်ကို မတ်လ ၆ ရက်နေ့ ညမှာ အများပြည်သူရှေ့မှာပဲ စစ်တပ်က ဖမ်းဆီးသွားပြီး နောက်နေ့ အလောင်းလာထုတ်ပါလို့ မိသားစုဝင်တွေဆီ အကြောင်းကြားခဲ့ပါတယ်။

အလားတူ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ NLD ရဲ့ စု အသက်မွေးပညာသင်ကျောင်း တာဝန်ခံ ဦးဇော်မြတ်လင်းကိုလည်း စစ်တပ်က ဖမ်းသွားပြီး နောက်နေ့မှာ ဒဏ်ရာဒဏ်ချက်တွေ၊ ရင်ခွဲထားတဲ့ ချုပ်ရိုးရှည်နဲ့ မိသားစုဝင်တွေက လက်ခံခဲ့ရပါတယ်။ သူကဖမ်းတဲ့အချိန်မှာ ထွက်ပြေးရင်း အိမ်နောက်မှာ ဝါးချွန်နဲ့ ထိုးမိလို့ သေဆုံးတာလို့ စစ်ကောင်စီက အကြောင်းပြပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက ဒီလုပ်ရပ်တွေဟာ ရာဇဝတ်မှုဖြစ်တဲ့အတွက် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ရမယ်လို့ ပြောပါတယ်။

"ကဗျာဆရာ ကိုခက်သီ မတိုင်ခင်ကတည်းက တချို့သော NLD ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှား သူတွေ တော်တော်များများကို ညနေမှာဖမ်းဆီး နောက်တစ်နေ့မှာ အလောင်းပဲပြန်ရတဲ့ အဖြစ်အပျက်တွေ အများကြီးဖြစ်ပါတယ်၊ ဒီလိုမျိုးသေဆုံးမှုတွေက မေးမြန်းစုံစမ်းတဲ့ကာလအတွင်းမှာ လူသားမဆန်တဲ့ နှိပ်စက်မှုမျိုးစုံခံရပြီးတော့ အဲဒီရလဒ်ကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ ကျနော်ယူဆပါတယ်၊ ဒီတော့ မတရားဖမ်းဆီးခြင်းကိုယ်တိုင်က ဥပဒေချိုးဖောက်မှုတစ်ခုပါ၊ ဒီထဲမှာမှ နှိပ်စက်ညှဉ်းပန်းခြင်းကို လုပ် ဆောင်တဲ့ကိစ္စတစ်ခုက ပိုမိုကြီးမားသော ရာဇဝတ်မှုကြီးဖြစ်ပါတယ်၊ ဘယ်လိုအချိန်အခါမျိုးမှာမှ နှိပ်စက် ညှဥ်းပန်းခြင်းကို ပြုလုပ်လို့မရဘူးဆိုတာ ကမ္ဘာကသတ်မှတ်ထားတဲ့ နှိပ်စက်ညှဥ်းပန်းမှု တားဆီးရေး ဥပဒေမှာ အတိအလင်းဖော်ပြထားပြီးသားပါ၊ ဒါကြောင့်မို့ နှိပ်စက်ညှဥ်းပန်းမှုကို ကျူးလွန်ရုံတင်မကဘဲ ဘယ်သူတွေကကျူးလွန်လဲ၊ ဘယ်သူတွေမှာ တာဝန်ရှိလဲဆိုတာကို တရားဥပဒေအရ ဖော်ဆောင်နိုင်မှု မရှိခြင်းကလည်း နောက်ထပ်ဆိုးဝါးတဲ့အချက်ဖြစ်ပါတယ်၊ ဒါတွေကို အမြန်ဆုံးရပ်တန့်ဖို့ နှိပ်စက်ညှဥ်းပန်း မှုကြောင့် သေဆုံးသွားတဲ့သူတွေအတွက် ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်တဲ့ ကိစ္စမျိုး ကျနော်တို့ မဖြစ်မနေလုပ်ဆောင်ရမှာပါ၊"

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားအတွက် ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကို RFA ကဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

နေပြည်တော်မှာလည်း NLD ဇမ္ဗူသီရိမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော် (ခေါ်) အဂ္ဂမိုးညို ကိုလည်း မတ်လ ၁၅ ရက်နေ့မှာ စစ်တပ်က နေအိမ်ကနေဖမ်းသွားပြီး စစ်ကြောရေး စခန်းမှာ နှိပ်စက်ခံခဲ့ ရတဲ့အတွက် မတ်လ ၃၀ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

အခုလို ပြည်သူတွေဟာ တရားဥပဒေမဲ့ ဖမ်းဆီးခံရ၊ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခံရပေမယ့် မိသားစုတွေနဲ့ ပြည်သူတွေဟာ လွတ်လွပ်စွာ ငိုကြွေးခွင့်၊ ပြောဆိုခွင့်၊ ဥပဒေအရ အရေးယူတရားစွဲခွင့်တွေ မရကြတဲ့အတွက် တရားမျှတမှု တောင့်နေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/justice-is-needed-for-the-similar-bad-things-like-poet-khetthi-05112021073640.html

ကဗျာဆရာ ခက်သီနဲ့ အလားတူ ဖြစ်ရပ်ဆိုးတွေအတွက် တရားမျှတမှု လိုနေ  ကဗျာဆရာ ခက်သီနဲ့ အလားတူ ဖြစ်ရပ်ဆိုးတွေအတွက် တရားမျှတမှု လိုနေ Reviewed by THITHTOOLWIN on 19:45 Rating: 5

No comments:

Powered by Blogger.