မြန်မာအပေါ် အမေရိကန်အရေးယူဒဏ်ခတ်စာရင်းတိုး

မေလ ၇ ရက်နေ့က ရန်ကုန်မြို့ရှိ နေရာတခုမှာ တွေ့ရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့။ (မေ ၇၊ ၂၀၂၁)

အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှု စာရင်းထဲ မြန်မာနိုင်ငံက နောက်ထပ် လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)တို့ကို ဒီကနေ့ရက်စွဲနဲ့ စာရင်းထည့်သွင်းလိုက်ပါတယ်။ SAC အရပ်သားစစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီက ခန့်အပ်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ လူပုဂ္ဂိုလ်စာရင်းထဲမှာ ပါဝင်ပြီးတော့ အရေးယူဒဏ်ခတ်ခံရတဲ့ အဖွဲ့အစည်းစာရင်းထဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ထည့်သွင်းထားပါတယ်။

အရပ်သား စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ မန်းငြိမ်းမောင်၊ စိုင်းလုံစိုင်းတို့ ပါဝင်သလို အစိုးရအဖွဲ့ဝင်တွေထဲကဆိုရင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းထွန်းနောင်၊ စီးပွားကူးသန်းဝန်ကြီး ဦးပွင့်ဆန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီး ဦးသက်ဆိုင်ဝင်း၊ သဘာဝသယံဇာတဝန်ကြီး ဦးခင်မောင်ရီ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်မြင့်တို့ ဒီစာရင်းထဲပါဝင်နေပါတယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးတို့ကိုလည်း ထည့်သွင်းထားပါတယ်။ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတချို့ရဲ့ သားသမီးတွေကိုလည်း စာရင်းထဲ ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက်၊ ကန့်ကွက်ဆန္ဒပြမှုတွေ နိုင်ငံအဝှမ်းဖြစ်ခဲ့ရာမှာ စစ်တပ်ကအကြမ်းဖက်ဖြိုခွဲနေပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရဆိုရင် အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၈၀၀ ကျော်ရှိနေပြီး၊ ဖမ်းဆီးခံထားရသူကလည်း လေးထောင်ကျော်ရှိပါတယ်။

စစ်ကောင်စီဘက်ကတော့ AAPP ရဲ့ သေဆုံးစာရင်းဟာ မမှန်ကန်ဘူးလို့ ငြင်းထားပါတယ်။ မြန်မာစစ်အာဏာပိုင်တွေဘက်က အခုလို ပစ်ခတ်နှိမ်နင်းတာတွေကို ချက်ခြင်းရပ်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုထားပါတယ်။

မြန်မာစစ်ကောင်စီရဲ့ စစ်အာဏာသိမ်းမှုနဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေအပါအဝင် အနောက်နိုင်ငံတွေက မြန်မာစစ်ကောင်စီကို အရေးယူဒဏ်ခတ်တာတွေ လုပ်နေပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ပစ်ခတ်ထားအရေးယူ ဒဏ်ခတ်တာတွေရှိသလို စစ်တပ်ကို ဝင်ငွေထောက်ပံ့မှုဖြစ်စေမယ့် လုပ်ငန်းကုမ္ပဏီတွေကို အရေးယူတာတွေလည်းရှိနေပါတယ်။

ဒီအရေးယူမှုစာရင်းပါ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်ပြည်ထောင်စုက ထိန်းချုပ်မှာဖြစ်သလို သူတို့နဲ့ ဆက်နွယ်ပတ်သက်မှု မှန်သမျှကိုလည်း ရပ်ဆိုင်းမှာဖြစ်ပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-sanctions-on-myanmar/5893562.html

မြန်မာအပေါ် အမေရိကန်အရေးယူဒဏ်ခတ်စာရင်းတိုး မြန်မာအပေါ် အမေရိကန်အရေးယူဒဏ်ခတ်စာရင်းတိုး Reviewed by THITHTOOLWIN on 22:17 Rating: 5

No comments:

Powered by Blogger.