စစ်တပ်ကို ငွေကြေးထောက်ပံ့နေတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းအပေါ် ယူကေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးချမှတ်

 စစ်တပ်ကို ငွေကြေးထောက်ပံ့နေတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းအပေါ် ယူကေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးချမှတ်

အာဏာသိမ်း စစ်ကောင်စီအပေါ် ပစ်မှတ်ထားပြီး နောက်ထပ် အရေးယူမှုတွေ လုပ်တဲ့အနေနဲ့ ယူကေအစိုးရက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေကို ဒီကနေ့ မေလ ၁၇ ရက်နေ့မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

အခုနောက်ဆုံး ချမှတ်လိုက်တဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကလေးငယ်တွေကို သတ်ဖြတ်နေမှု အပါအဝင် မြန်မာပြည်သူတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ အာဏာသိမ်း စစ်တပ်အတွက် ငွေကြေးထောက်ပံ့ပေးနေတဲ့ အရေးပါတဲ့ ရင်းမြစ်တစ်ခုကို ဖြတ်တောက်ပစ်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

"အာဏာသိမ်း စစ်တပ်ဟာ ဒီမိုကရေစီစနစ်ကို ချေဖျက်ပစ်ဖို့ နဲ့ ကိုယ့်ပြည်သူတွေအပေါ် ရက်ရက်စက်စက် တိုက်ခိုက်ဖိနှိပ်မှုတွေကို ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။ စစ်တပ်အတွက် ငွေကြေးထောက်ပံ့ပေးနေတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့နိုင်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်လည်ဆောင်ကြဉ်းနိုင်ဖို့အတွက် ဗြိတိန်အစိုးရအနေနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ အတူ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်"လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရာ့ဘ် က ပြောပါတယ်။

အခု ချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေအရ ယူကေနိုင်ငံမှာ ရှိတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းက ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် ထိန်းချုပ်တဲ့ စီးပွားရေးအရင်းအမြစ်တွေကို ငွေကြေးထောက်ပံ့ ဒါမှမဟုတ် လုပ်ငန်းဆောင်ရွက်နေသူ မှန်သမျှကို တားမြစ်ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။

ဒီကနေ့ ကြေညာချက်ဟာ အမေရိကန်၊ ကနေဒါ အစိုးရတို့နဲ့အတူ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ G7 အစည်းအဝေးနဲ့ မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးတို့အပြီးမှာ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။အဲဒီ အစည်းအဝေးတွေမှာ အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက တညီတညွတ်တည်း အခိုင်အမာ ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြခဲ့ကြပါတယ်။

ယူကေ၊ အမေရိကန်နဲ့ ကနေဒါအစိုးရတို့က မြန်မာနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှု ရပ်ဆိုင်းမယ် ဆိုတဲ့ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံရဲ့ မကြာသေးခင်က ကြေညာချက်ကို ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချနေမှုအားလုံးကို ချက်ချင်း ရပ်ဆိုင်းဖို့ ယူကေနဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေက ထပ်လောင်း ပြောဆိုခဲ့ပြီး ကျန်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း အလားတူ လုပ်ဆောင်မှုမျိုး လုပ်ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

စစ်တပ်ကို ငွေကြေးထောက်ပံ့နေတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းအပေါ် ယူကေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးချမှတ်  စစ်တပ်ကို ငွေကြေးထောက်ပံ့နေတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းအပေါ် ယူကေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးချမှတ် Reviewed by THITHTOOLWIN on 22:18 Rating: 5

No comments:

Powered by Blogger.