ကနီမြို့နယ် ကျေးရွာလေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်

ကနီမြို့နယ် ကျေးရွာလေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ် ကနီမြို့က စစ်ရှောင်ပြည်သူများ။ Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မေလ ၇ ရက် ဒီကနေ့ နေရာ ၄ နေရာမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၁ ဦးနဲ့ ပြည်သူဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကနီမြို့နယ် ဇီးပင်းတွင်းရွာ၊ သမင်ခြံရွာ၊ ကျောက်လုံးကြီးတောင်နဲ့ ချင်းတွင်းမြစ်ကမ်းဘေးက ငုံးချောင်းရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

"စစ်ကောင်စီက ပြည်သူတွေဆီကနေ ဆိုင်ကယ်၊ ဆန်၊ ဆီ၊ ပုဆိုးအသစ်က အစ ယူသွားတော့ ပြည်သူတွေက မခံနိုင်တော့ ပြန်ချကြတာ။ ကျောက်လုံးကြီးတောင် တိုက်ပွဲမှာဆိုရင် စစ်ကောင်စီက လှည်းတစ်စီးကိုယူပြီး စစ်သားအလောင်း ခြောက်လောင်းကို သယ်သွားတာ တွေ့ရတယ်။ ဇီးပင်တွင်းရွာတိုက်ပွဲမှာ သူတို့ဘက်က ငါးယောက် ကျတယ်။ ပြည်သူတစ်ယောက်ကျတယ်။ တစ်ယောက် ဒဏ်ရာရတယ်။ တစ်ယောက် ပျောက်နေတယ်" လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့သေဆုံးခဲ့သူက ဦးမုန်း အသက် (၄၀) ဖြစ်ပြီး ကလေးတစ်ယောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။

ကနီမြို့နယ်မှာ မနေ့က မေလ ၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တူမီးသေနတ် အသုံးပြုတိုက်ခိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေ တောတွင်းနေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။

ကနီမြို့နယ်မှာ နှစ်ရက်အတွင်း ပြည်သူတွေဘက်က ၂ ဦး၊ စစ်ကောင်စီတပ်က အနည်းဆုံး ၂၀ နီးပါး သေဆုံးခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီရက်ပိုင်း ကနီမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ရေကြောင်း၊ ကုန်းကြောင်း ခရီးသွားမဲ့သူတွေ သတိထားသွားလာကြဖို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကနီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းလွှတ်‌တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတိပေးစာ ရေးသားထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/fighting-in-kani-sagaing-05072021105923.html

ကနီမြို့နယ် ကျေးရွာလေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်  ကနီမြို့နယ် ကျေးရွာလေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.