စစ်ကောင်စီ ရက်(၁၀၀)အတွင်း မြန်မာကျပ်ငွေဈေး အဆမတန်ကျဆင်း


မေ ၁၂ရက် ၂၀၂၁

စစ်ကောင်စီ အာဏာသိမ်းပြီး  ရက် (၁၀၀) အတွင်း မြန်မာငွေဈေး အဆမတန်ကျဆင်းလာပြီး ရွှေဈေးနှုန်း မြှင့်တက်လာကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့စတင်ပြီး စစ်တပ်မှ နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် ဖေဖော်ဝါရီ (၂) ရက်နေ့တွင် ပြည်တွင်းရှိ ရွှေဈေးနှုန်း တစ်ကျပ်သားလျှင် (၁,၃၅၅,၀၀၀) နှင့် အမေရိကန် တစ်ဒေါ်လာ (၁၃၇၀) နှင့် မြန်မာငွေ တစ်သိန်းကျပ်လျှင် ထိုင်းဘတ် (၂၂၀၀) ကျပ်ရှိကြောင်း စုံစမ်းသိရှိရသည်။

“အာဏာစသိမ်းခင်ကတော့ ဒီလောက်ထိ စီးပွားရေးရိုက်ခတ်လာမယ်လို့ မမျှော်လင့်ထားဘူး။ခုက ရွှေဈေးတွေ လည်း တအားတက်လာတယ်။ မြန်မာငွေက တအားကျဆင်းသွားတယ်။ မြန်မာငွေကို မကိုင်ထားကြတော့ဘူး။ ဘဏ်ကိုလည်း အယုံအကြည်မဲ့နေကြပြီ။”  ဟု တောင်ကြီး အသေးစား စီးပွားရေး လုပ်ကိုင်သူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မေ (၁၂) ရက်တွင် ရွှေဈေး (၁,၇၀၉,၀၀၀) သိန်းမြှင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာ (၁၆၈၀) ကျပ်ထိ ရှိပြီး ထိုင်းဘတ် (၁၈၈၀) ကျော် ဖြစ်လာကြောင်း နိုင်ငံခြားငွေ လှဲလှယ်ပေးနေသည့် သူများထံ စုံစမ်းသိရသည်။

“အရင်အစိုးရ လက်ထက်မှာ ဒေါ်လာအကောင့်ဖွင့်ရင် ဒေါ်လာပြန်ထုတ်ပေးတယ်။ ခုက ဒေါ်လာအကောင့်ကို မြန်မာငွေနဲ့ပဲ ပြန်တွက်ပေးတော့တယ်လို့ ကြားတယ်။  တစ်နေ့ကို ၃ သိန်းထပ်လည်း ပိုမထုတ်ပေးဘူးတဲ့။ ခုက ကိုယ့်ငွေကိုတောင် ကိုယ်စိတ်ပူနေရတယ်။သွားထုတ်ရတာလဲ အဆင်မပြေဘူး။” ဟု တာချီလိတ်မြို့ မှ အမည်မဖော်လိုသူ တစ်ဦး ကပြောသည်။

မြန်မာပြည် စီးပွားရေး ပြန်လည်ပတ်လာစေရန်အတွက် အင်တာနက် ပြန်လည်ဖွင့်ပေးရန် နှင့် ဘဏ်လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်ပေးစေရန် နှင့် ဆန္̔ဒပြ ပြည်သူများအပေါ် အကြမ်းဖက်နှိမ်နင်းမှုများ ရပ်တန့်ပေးဖို့အတွက် လိုအပ်ကြောင့် ကမ္ဘာဘဏ်က မတ် ၂၆ ရက်က သတိပေးပြောကြားခဲ့သည်။

ဖေဖော်ဝါရီ (၁) ရက်မှ မေလ (၇) ရက်အထိ ဘဏ်ခွဲများနှင့် ATM စက်များတွင် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၏ ငွေသားပေးသွင်းခြင်း၊ ငွေသားထုတ်ယူခြင်း စာရင်းအား လျှို့ဝှက်အဆင့် သတ်မှတ်ပြီး စာရင်းများကို မေလ (၁၄) ရက် နောက်ဆုံးထားပြီး ပေးပို့ရမည်ဖြစ်ပြီး စစ်ကောင်စီ က ညွှန်ကြားထားသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

စစ်ကောင်စီ ရက်(၁၀၀)အတွင်း မြန်မာကျပ်ငွေဈေး အဆမတန်ကျဆင်း စစ်ကောင်စီ  ရက်(၁၀၀)အတွင်း မြန်မာကျပ်ငွေဈေး အဆမတန်ကျဆင်း Reviewed by THITHTOOLWIN on 19:47 Rating: 5

No comments:

Powered by Blogger.