မင်းတပ်မှာ ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကျည်ထိ


ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေက ဒီနေ့ မေလ ၁၇ ရက်မှာ ပစ်ခတ်မှုတွေလုပ်နေချိန် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး လည်ပင်းကို ကျည်ထိမှန်ထားတယ်လို့ သိရှိရပါတယ်။

ပစ်ခတ်မှုတွေကြောင့် မိခင်ဖြစ်သူနဲ့ အိမ်ထဲ ပုန်းနေချိန် အဲဒီကလေးငယ် ကျည်ထိမှန်ခဲ့တာလို့ သိရပါတယ်။

မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပါ ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘာ့ကြောင့် ဒီလို ပစ်ခတ်မှုတွေ လုပ်နေတယ်ဆိုတာ မသိရပေမဲ့ ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်နေခဲ့တဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ မြို့ထဲက အရပ်သားတွေ အထိအခိုက်မဖြစ်အောင် သူတို့ တပ်ဆုတ်တဲ့အကြောင်း အစောပိုင်းက ပြောထားပါတယ်။

မင်းတပ်မှာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာလိုက်တဲ့အကြောင်း စစ်ကောင်စီက မတ်လ ၁၃ မှာ ကြေညာခဲ့ပါတယ်။

တချိန်တည်းမှာပဲ မေလ ၁၃ ရက်နဲ့ ၁၄ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော၊ ကားတွေပါ တိုက်ခိုက်ခံရအပြီး ထိခိုက်သေဆုံး၊ ပျောက်ဆုံးတာတွေရှိခဲ့ပါတယ်။

အဲဒီနောက် မေလ ၁၅ ရက်မှာ စစ်ကောင်စီဘက်က မင်းတပ်မှာ ရဟတ်ယာဉ်တွေသုံးပြီး မြေပြင်၊ ဝေဟင် စစ်ဆင်ရေး လုပ်ခဲ့လို့ မြန်မာနိုင်ငံထဲက ဗြိတိန်နဲ့ အမေရိကန်သံရုံးတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရက ဒီအခြေအနေကို စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။

စစ်တပ်ရဲ့ အခုလို ထိုးစစ်ကြောင့် မင်းတပ်က အရပ်သားပြည်သူတွေ စစ်ရာဇဝတ်မှု ကျူးလွန်ခံရနိုင်တဲ့ခြိမ်းခြောက်မှုရှိနေတယ်ဆိုပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ကလည်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

မင်းတပ်မှာ ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကျည်ထိ မင်းတပ်မှာ ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကျည်ထိ Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.