မြင်းခြံ တလုပ်မြို့ရွာမှာ နှစ်နှစ်အရွယ် ကလေးအပါအဝင် ၂၀၀ နီးပါး ဖမ်းဆီးခံရ



မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ဘက် ၇ မိုင်အကွာက တလုပ်မြို့ရွာမှာ မေလ ၁၂ ရက် ဒီကနေ့ မနက်အစော ၄ နာရီကျော်လောက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ကျေးရွာပြည်သူ့လုံခြုံရေး အဖွဲ့တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် စုစုပေါင်း ၂၀၀ လောက် အဖမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တလုပ်မြို့ရွာအပြင် အနီးအနားက ရွာတွေထဲကိုပါဝင်ပြီး တွေ့သမျှလိုက်ဖမ်းသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တလုပ်မြို့ကျေးရွာ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

စစ်ကောင်စီဘက်က မနေ့က အင်အား ၂၀၀ ကျော်နဲ့ တလုပ်မြို့ရွာကို ဝိုင်းထားပြီး၊ ဒီနေ့မှာလည်း အင်အား ထပ်ဖြည့်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် ကျေးရွာပြည်သူ့လုံခြုံရေးတပ်တွေ တည်ဆောက်ထားတဲ့ ခံတပ်ကို စစ်တပ်အင်အား ၇၀၀ လောက်က စက်သေနတ်တွေအပြင် RPG လို့ ခေါ်တဲ့ ပုခုံးထမ်းလောင်ချာတွေ နဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ခံတပ်တွေကို ဆုတ်ပေးလိုက်ရတယ်လို့ တလုတ်မြို့ ကျေးရွာသား နောက်ထပ်တစ်ယောက်က RFA ကို ပြောပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်း ၂ နာရီလောက်အထိ စစ်ကောင်စီတပ်တွေက ကျေးရွာနေအိမ်တွေကို ဝင်ရောက်ရှာ ဖွေပြီး ပစ္စည်းယူတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မနေ့က မေလ ၁၁ ရက် မနေ့ကတည်းက နှစ်ဖက်တိုက်ပွဲဖြစ်နေတာကြောင့် နှစ်ရက်တာတိုက်ပွဲ အတွင်းဆို ရင်တော့ စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ယောက် သေဆုံးတယ်လို့ သိရပေမယ့် RFA က သီးခြားအတည်ပြုလို့ မရသေးသလို ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဘက်ကလည်း တစ်ယောက် ဒဏ်ရာ ရပြီး လက်နက်နဲ့ အဖမ်းခံရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဖမ်းခံရတဲ့သူတွေထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က လူငယ်အမျိုးသမီး တစ်ယောက် အပါအဝင် လူငယ် ခြောက်ယောက် ပါဝင်ပြီး အဲဒီအထဲမှာ ဒဏ်ရာရရှိသူတွေလည်း ပါဝင်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဖမ်းခံရသူတွေနဲ့အတူ အမ် ၁၆ (M-16) သေနတ်နှစ်လက် ကျည်ကတ်တွေအပြင် တူမီးသေနတ်နဲ့ လက်ပစ် ဗုံးတွေပါ ပါသွားတာကြောင့် အဖမ်းခံရတဲ့အထဲက ဒဏ်ရာရထားသူတွေကို ဆေးကုခွင့် မပေးဘဲ သတ်ပစ်မှာ စိတ်ပူနေကြတယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ယောက်က ပြောပါတယ်။

အဲဒီသေနတ်တွေက မနေ့က မေလ ၁၁ ရက်နေ့တိုက်ပွဲမှာ စစ်တပ်ဘက်ကရလိုက်တဲ့ သေနတ်တွေဖြစ် တယ်လို့ မြင်းခြံမြို့က ကျောင်းသား တစ်ယောက်က RFA ကို ပြောပါတယ်။

တလုပ်မြို့ရွာကို စစ်တပ်ကအခုလို အင်အားအလုံးအရင်းနဲ့ဖြိုတာကလည်း မြင်းခြံက သပိတ်တွေကို အင်တိုက်အားတိုက် ကူညီနေတဲ့အတွက်လို့ အဲဒီကျောင်းသားက ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ဆိုခဲ့ဖူးတဲ့ သစ္စာတွေကို ဖောက်ဖျက်တယ်လို့ မြင်းခြံမြို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

လတ်တလောမှာတော့ တိုက်ပွဲဖြစ်စဉ်တွေငြိမ်သွားပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ နောက်ဆုတ်ခဲ့ရပြီး နောက် အခုညနေ ၃ နာရီလောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာတွေထဲက ဆန်၊ ပဲ အစရှိတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ကားတွေနဲ့ သယ်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ တလုပ်မြို့ကျေးရွာထဲကို ပြီးခဲ့တဲ့ ဧပြီလနဲ့ အခုလဆန်းပိုင်းတွေမှာ နှစ်ကြိမ် ဝင်လာ တာကြောင့် လေးဂွတိုက်ပွဲတွေ ဆင်နွှဲခဲ့ဖူးပြီး မနေ့က တတိယအကြိမ် အင်အားအလုံးအရင်းနဲ့ သေနတ် တွေပစ်ခတ်ပြီးပါ ထပ်မံဝင်ရောက်လာတာကြောင့် အခုလို နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။မနေ့က တိုက်ပွဲစဖြစ်ချိန်ကတည်းက အသက်ကြီးရွယ်အိုတွေ၊ မကျန်းမာသူတွေနဲ့ အမျိုးသမီးတွေ အပါအဝင် လူဦးရေ ( ၅ ) သောင်းလောက်ကို ဘေးလွတ်ရာမှာ ခေတ္တရှောင်တိမ်းနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်ကိုင်းတိုင်းနဲ့ အိန္ဒိယနယ်စပ်မှာရှိတဲ့ တမူးမြို့က မြို့နဲ့ ဆယ်မိုင်ကျော်လောက်ဝေးတဲ့ ပန်းသာရွာနဲ့ ကွန်းတောင်း ကျေးရွာမှာ မေလ ၁၁ ရက်နေ့ မနေ့ညက တမူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးသလို၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အဖွဲ့ဝင်တစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ တမူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

တမူးပြည်သူ့ကာကွယ်ရေးဘက် သေဆုံးသွားသူဟာ အသက်၄၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး နာမည် ကိုတော့ လုခြုံရေးအရ ပြောလို့မရဘူးလို့ ဆိုပါတယ်။

တလုပ်မြို့ရွာနဲ့ တမူးကဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီကခန့်ထားတဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ညနေပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တမူးမြို့မှာ အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီဘက်က အကြမ်းဖက်ပစ်ခတ်လို့ သေဆုံးတဲ့သူ ၁၀ ယောက်ကျော်ရှိပြီး အဲဒီအထဲမှာ တမူးပြည်သူ့ကာကွယ်ရေးအဖွဲ့က သုံးယောက်လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ဒီနေ့အထိ ဖမ်းဆီးခံရသူကလည်း ၁၀ ယောက်ထက်မနည်းရှိနေပြီလို့ တမူးဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကိုင်းတိုင်းမှာပဲ ကနီမြို့နယ်၊ သမင်ခြံစံပြကျေးရွာမှာတော့ မေလ ၁၁ ရက်နေ့ မနေ့ည ၉ နာရီ လောက်က စိတ်ကျန်းမာရေးမကောင်းတဲ့သူ အသက် ၃၆ နှစ်အရွယ် ကိုကျော်မြင့်ကို စစ်တပ်က ပစ်လိုက်တာကြောင့် နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

ကိုကျော်မြင့်ဟာ စစ်သားတွေကို အိမ်ထဲကနေအော်ပြီး စိန်ခေါ်ပြောဆိုတာကြောင့် သူ့အိမ်ကိုလာရောက် ပစ်ခတ်ခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိမ်နီးချင်းတစ်ယောက်က RFA ကို ပြောပါတယ်။
ဒီနေ့မနက် အဲဒီအိမ်ရှေ့ သွားကြည့်တဲ့အခါမှာ ကျည်ဆန်အခွံပေါင်း ၈၀ လောက်ကို တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုကျော်မြင့်ရဲ့ ရုပ်အလောင်းကို ဒီနေ့မနက်ကပဲ သင်္ဂြိုဟ်လိုက်ကြပါတယ်။

အဲဒီရွာမှာ လွန်ခဲ့တဲ့ ၁ ပတ်လောက်ကနေစပြီး စစ်သား ရာဂဏန်းနီးပါးက ရွာထဲက စာသင်ကျောင်းမှာ တပ်စွဲထားပါတယ်။ ဒါ့အပြင် စစ်တပ်ကတပ်စွဲထားချိန် သမင်ခြံကျေးရွာရဲ့တောင်ပိုင်းနဲ့ ရွာအနောက်ဘက် ဘုန်းကြီးကျောင်းတောင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ဗိုလ်တစ်ယောက်နဲ့ အခြားစစ်သား လေးယောက် ကျဆုံးခဲ့တာကြောင့် စစ်တပ်က ကျေးရွာသားတွေကို ပစ်မှတ်ထားလာခဲ့ကြတာလို့ ဆိုပါတယ်။

မနေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလို့ ယူဆရတဲ့ အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းကို တိုက်ပွဲဖြစ်ပွားရာနေရာအနီးမှာ ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေ့ကဆို စစ်ကောင်စီဘက်က ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်နဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက်တို့ ကျည်ထိမှန်တာကြောင့် လက်ရှိမုံရွာဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

သမင်ခြံစံပြကျေးရွာမှာ အိမ်ခြေ ၆၀၀ ခန့်နဲ့ လူဦးရေ ၃၀၀၀ ကျော်ခန့် နေထိုင်ကြပေမယ့် စစ်တပ်က ရွာမှာတပ်စွဲလာချိန်မှာ နီးစပ်ရာကို ကြောက်လန့်ထွက်ပြေးသွားကြတာကြောင့် အခုအချိန်မှာ အမျိုးသမီး၊ သက်ကြီးရွာအိုတွေနဲ့ ကလေးတွေ စုစုပေါင်း ရာဂဏန်းလောက်ပဲ ရွာမှာရှိကြတော့တယ်လို့လည်း ပြောပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်း ဟားခါးမြို့မှာတော့ မေလ ၁၁ ရက်နေ့ မနေ့ညပိုင်းနဲ့ မေလ ၁၂ ရက်နေ့ ဒီနေ့ မနက်ပိုင်းအထိ နေရာ သုံးနေရာမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာတွေက လူနေအိမ်တွေမှာပဲဖြစ်တယ်လို့ ဟားခါးဒေသခံတွေက RFA ကို ပြောပါတယ်။

မေလ ၁၁ ရက်နေ့ မနေ့ည ၉ နာရီလောက်က ဟားခါးမြို့ မြို့ဟောင်းရပ်ကွက်မှာရှိတဲ့ မိသားစုတစ်စု အိမ်ရှေ့မှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲနောက် မနေ့ညမှာပဲ ၁၂ နာရီလောက်က နှီယာလွန်ကျေးရွာမှာ နေထိုင်သူ ဦးကျုံးဘိရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး နေအိမ်တော့အနည်းငယ် ပျက်စီးသွားခဲ့ပါတယ်။

အလားတူ မေလ ၁၂ ရက်နေ့ ဒီနေ့ မနက် ၁ နာရီလောက်မှာတော့ နှီယာလွန်ကျေးရွာပဲ နေထိုင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်အဖြစ် ဝင်ရောင်ယှဉ်ပြိုင်ခဲ့သူ ဦးဖီးမောင်ရဲ့ နေအိမ်မှာ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် ဦးဖီးမောင်ရဲ့ နေအိမ်အနည်းငယ် ပျက်စီးခဲ့ပြီး ဦးဖီးမောင်ရဲ့ ဦးခေါင်းမှာလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့က ၇၁ လမ်းနဲ့ ၁၁၈ လမ်းမှာ မေလ ၁၂ ရက် ဒီနေ့မနက်က စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြနေတဲ့ မဟာမိတ်တပ်ပေါင်းစုသပိတ်ကို အရပ်ဝတ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် ဖြိုခွဲခဲ့ပြီး ဆရာမတွေအပါအဝင် အယောက် ၃၀ လောက်ကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ ရှိသူတွေက ပြောပါတယ်။

ဆရာမတွေကို သေနတ်ဒင်တွေနဲ့ပါ ရိုက်နှက်ဖမ်းဆီးခဲ့ကြတာလို့ သပိတ်စစ်ကြောင်းမှာပါဝင်ခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ယောက်က RFA ကို ပြောပါတယ်။

လတ်တလောမှာတော့ ဖမ်းဆီးခံရသူတွေကို ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းနဲ့ နန်းတွင်းထဲကို ပို့ထားတာကြောင့် ရှေ့နေတွေနဲ့ ဆက်သွယ်ပြီး အကူညီပေးနေတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ လုပ်လို့မရအောင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်၊ ဖမ်းဆီး၊ သတ်ဖြတ်တာတွေ လုပ်ဆောင်နေပေမယ့် ပြည်သူတွေကတော့ နည်းလမ်းပေါင်းစုံနဲ့ နေ့စဉ် ဆန္ဒပြနေကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ အာကာသိမ်းစစ်ကောင်စီကို နေရာအနှံ့နီးပါး ပြန်လည်ခုခံ တိုက်ခိုက် နေကြသလို လူငယ်တွေကလည်း မြို့နယ်တိုင်းနီးပါးမှာ စစ်အာရှင်ဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြပွဲတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

RFA Burmese



မြင်းခြံ တလုပ်မြို့ရွာမှာ နှစ်နှစ်အရွယ် ကလေးအပါအဝင် ၂၀၀ နီးပါး ဖမ်းဆီးခံရ မြင်းခြံ တလုပ်မြို့ရွာမှာ နှစ်နှစ်အရွယ် ကလေးအပါအဝင် ၂၀၀ နီးပါး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:19 Rating: 5

No comments:

Powered by Blogger.