ကချင်ပြည်နယ် အခြေစိုက် The 74 Media သတင်းဌာန ပိတ်သိမ်းခံရ

ကချင်ပြည်နယ် အခြေစိုက် The 74 Media သတင်းဌာန ပိတ်သိမ်းခံရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် သတင်းအေဂျင်စီဖြစ်တဲ့ The 74 Media ရဲ့ facebook cover photo ကို တွေ့ရစဉ်

Photo: The 74 Media - facebook


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ The 74 Media ကို လုပ်ငန်း ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက မေလ ၃ ရက်နေ့ မနေ့က အင်တာနက် အီးမေးလ်ကနေတစ်ဆင့် အကြောင်းကြားလာတယ်လို့ The 74 Media က ထုတ်ပြန်ပါတယ်။

အဲဒီအကြောင်းကြားစာမှာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ (၈) ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်လို့ သတင်းအေဂျင်စီကို ပိတ်သိမ်းလိုက်တာလို့ ပါရှိကြောင်း The 74 Media သတင်းအေဂျင်စီက ဒီနေ့ထုတ်ပြန်ပါတယ်။

The 74 Media သတင်းအေဂျင်စီအနေနဲ့ကတော့ တရားဝင် ရွေးကောက်ခံ အစိုးရလက်ထက်မှာ မှတ်ပုံတင် ထားတဲ့ သတင်းဌာနတစ်ခုဖြစ်တာကြောင့် တရားမဝင် အာဏာရယူထားတဲ့ စစ်ကောင်စီရဲ့ သတင်းအေဂျင်စီ လုပ်ငန်း ပိတ်သိမ်းကြောင်း အမိန့်စာကို လက်ခံနေမှာမဟုတ်ဘဲ ဆက်လက်ပြီး သတင်းတွေကို အချိန်နဲ့ တပြေးညီ တင်ဆက်သွားမယ်လို့ ပြောပါတယ်။

The 74 Media သတင်းအေဂျင်စီဟာ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းက နိုင်ငံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာသတင်းတွေသာမက မြန်မာပြည်တစ်ဝှမ်းက သတင်းတွေကို နေ့စဉ် ရေးသား ဖော်ပြခဲ့တာကြောင့် ကချင်ပြည်သူတွေအတွက် အားကိုးအားထားပြုရတဲ့ သတင်းဌာနတစ်ခု ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

The 74 Media ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ စတင်တည်ထောင်ခဲ့တဲ့ သတင်းအေဂျင်စီတစ်ခု ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်ကိုလည်း ဧပြီလ (၂၉) ရက်နေ့က စစ်ကောင်စီက ပိတ်သိမ်းခဲ့တာကြောင့် အခု The 74 Media ဟာ ကချင်ပြည်နယ်မှာ ဒုတိယမြောက် ပိတ်သိမ်းခံရတဲ့ သတင်းဌာန တစ်ခုဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မတ်လ ၈ ရက်နေ့က Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် သတင်းဌာနတွေကို ထုတ်ဝေခွင့် ပိတ်သိမ်းခံခဲ့ရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/the74media-closed-05042021064742.html

ကချင်ပြည်နယ် အခြေစိုက် The 74 Media သတင်းဌာန ပိတ်သိမ်းခံရ  ကချင်ပြည်နယ် အခြေစိုက် The 74 Media သတင်းဌာန ပိတ်သိမ်းခံရ Reviewed by THITHTOOLWIN on 21:06 Rating: 5

No comments:

Powered by Blogger.